နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းရှိ နာမည်ကျော်ထရမ့်တာဝါတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာခဏ လာရောက်လေ့ ရှိသော သူနေထိုင်ခဲ့ရာ အခန်းရှိသည်။
လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့သည် ယခင်က ထရမ့်၏ အခန်း၏ အောက်ထပ်ကို ငှားရမ်းကာ လုံခြုံရေးရယူပေးခဲ့သည်။
ယခုအခါတွင်မူ အဆောက်အအုံ၏ ပြင်ပတွင် ရပ်နားထားသော ဗန်ကားများပေါ်မှတစ်ဆင့် လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ရလျက်ရှိသည်
ဟု ဆိုသည်။
လျှို့ဝှက်ထောက်လှမ်းအဖွဲ့သည် သင့်လျော်သည့်နေရာတစ်ခု မတွေ့သေးသည့်အထိ ကားနောက်တွဲ trailer များကို အသုံးပြုကာ အခြေပြုရာနေရာအဖြစ် အသုံးပြုကာ လုံခြုံရေးရယူပေးသွားမည်ဟု ဆိုသည်။
လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို ငှားရမ်းထားသော အခန်းငှားခ၊ စာချုပ်ပါစကားရပ်များနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှုကြောင့် Trump Organisation က အငှားချထားမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“အလေးအနက် သုံးသပ်ပြီးနောက်ပိုင်း တခြားတစ်နေရာရာမှာ ငှားရမ်းတာက လျှို့ဝှက်ထောက်လှမ်းရေးအတွက် ကုန်ကျစရိတ် သက်သာစေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရ အမျိုးသမီး အာမန်ဒါ မစ်လာက The Washington Post သို့ ပေးပို့သည့် အီးမေးလ်တွင် ဖော်ပြထားသည်
ဟု ဆိုသည်။
ပြီးခဲ့သောဇန်နဝါရီလအတွင်းဒေါ်နယ်ထရမ့်သမ္မတတာဝန်စတင်ရယူခဲ့သည့်အချိန်မှစကာ ထရမ့်တာဝါတွင် လျှို့ဝှက်ထောက်လှမ်းရေး က စတင်အခန်းငှားရမ်းကာ လုံခြုံရေးရယူပေးခဲ့သည်ဟု ဆိုသည်။
ဒေါ်နယ်ထရမ့်သည် ယင်းတာဝါသို့ သွားရောက်ခြင်း နည်းပါးသော်လည်း First Lady မီလာနီယာထရမ့်နှင့် သားဖြစ်သူ ဘာရွန်တို့ကမူ အိမ်ဖြူတော်သို့ မပြောင်းမီတွင် အဆိုပါအခန်းတွင် လပေါင်းများစွာ နေထိုင်ခဲ့ကြသည်။
အခြားအမေရိကန်သမ္မတများနည်းတူ အိမ်ဖြူတော်အပြင်ရှိ အဓိကနေအိမ်ကို သမ္မတ၏ အမြဲတမ်းနေအိမ်အဖြစ် သတ်မှတ်လေ့ရှိကြရာ ယင်းနေအိမ်အတွက် လုံခြုံရေးတင်းကြပ်ပေးရန်လည်း လိုအပ်လာသည်။
ထရမ့်တာဝါတွင် စောင့်ကြပ်နေသည်မှာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သာမကဘဲ ပင်တဂွန်သည်လည်း တစ်လလျှင် ကန်ဒေါ်လာ ၁၃၀၀၀၀ဖြင့်အခန်းငှားရမ်းထားပြီးစစ်ရုံးအဖြစ်ဖွင့်လှစ်ထားသည်။
အဆိုပါ ငှားရမ်းခမှာ ထရမ့်တာဝါရှိ အခြားအခန်းများထက် ဈေးနှုန်းမြင့်မားလျက်ရှိသည်ဟု ဆိုသည်။ပင်တဂွန်က ဖွင့်လှစ်ထားသည့် အဆိုပါစစ်ရုံးသည် အနုမြူလက်နက်ဖြင့် တိုက်ခိုက်မှုများကို တိုက်ရိုက်အမိန့်ပေးနိုင်သော nuclear football ဟုခေါ်သည့် သမ္မတ၏ လျှို့ဝှက်လက်ဆွဲအိတ်ကိုစောင့်ရှောက်မှုပေးရသည်ဟု ဆိုသည်။
ပင်တဂွန်နှင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တို့သည် ထရမ့်၏အဆောက်အအုံကို စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ငွေကြေးများစွာ သုံးစွဲရလျက်ရှိသည်။
မကြာသေးမီကပင် လျှို့ဝှက်ထောက်လှမ်းရေးက ထရမ့်၏နယူးယောက်အဆောက်အအုံနှင့် ကလေးငယ်များကို စောင့်ရှောက်ရသည့် ကုန်ကျစရိတ်ကာမိနိုင်ရန် ကန်ဒေါ်လာ ၂၆ ဒသမ ၈ သန်း ထပ်မံတောင်းခံထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)