မြန်မာနိုင်ငံအတွင်း မြို့ ၃ ခု ရှိ လေယာဉ်ကွင်းသုံးခုအား နိုင်ငံခြားစင်းလုံးငှားလေယာဉ် တိုက်ရိုက်ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနလေယာဉ်ကွင်းစံချိန် စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲမှ သတင်းရရှိသည်။
အဆင့်မြှင့်တင်သွားမည့်လေယာဉ်ကွင်းများမှာ ရှမ်းပြည်နယ်၏အဓိက၀င်ပေါက်ထွက်ပေါက်ဖြစ်သည့် ဟဲဟိုးလေ ဆိပ်၊ မွန်ပြည်နယ်၏ အဓိက၀င်ပေါက်ထွက်ပေါက်ဖြစ်သည့် မော်လမြိုင်လေဆိပ်၊ နှင့် တနင်္သာရီတိုင်း၏ အဓိက၀င်ပေါက် ထွက်ပေါက်ကော့သောင်းလေဆိပ်တို့ ဖြစ်ကြောင်း လေယာဉ်ကွင်းစံချိန် စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
''အခုလေဆိပ်သုံးခုကိုအဆင့်မြှင့်တင်တာက CIQ အဖြစ် အဆင့်မြှင့်တင်တာ။ နောက်ပိုင်း အင်တာနေရှင်နယ်လေ ဆိပ်အဖြစ်ကူးပြောင်းဖို့ ပထမဆုံးအဆင့် မြှင့်တင်ခြင်းပေါ့။ အခု CIQ အဆင့်မြှင့် တင်မယ်ဆိုရင် နိုင်ငံခြားကနေ Chartered Flight (စင်းလုံးငှားလေယာဉ်) တွေ တိုက်ရိုက်ဆင်းသက်နိုင်မယ်။ ရန်ကုန်လေဆိပ်ကနေတဆင့် သွားစရာမလိုတော့ဘူး။အင်တာနေရှင်နယ် လေဆိပ်မဟုတ်သေး တဲ့အတွက် တခြားလေယာဉ်တွေတော့ ဆင်းလို့မရသေးဘူး'' ဟု အဆိုပါ တာဝန်ရှိသူတဦးက ပြောသည်။
ယင်းသို့ဆောင်ရွက်လိုက်ခြင်းသည် နိုင်ငံခြားခရီးသွားများ ပိုမိုလည်ပတ်နိုင်စေရန်အတွက် အဓိကရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံခြားခရီးသွားများ ပိုမိုလည်ပတ်ခြင်းကြောင့် ပြည်တွင်းစီးပွားရေးပိုမို တိုးတက် လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
လေဆိပ်များအဆင့်မြှင့်တင်ရာတွင် လေယာဉ်လမ်းကြောင်းပိုင်းနှင့် အဆောက်အဦအားလုံးကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အဆင့်မြှင့်တင်ပြီးပါက ရောဂါရှာဖွေစစ်ဆေးကာကွယ်ခြင်း သဘာဝသယံ ဇာတပစ္စည်းများ စစ်ဆေးကာကွယ်ခြင်းများ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေဆိပ်သုံးခုအား အဆင့်မြှင့်တင်ခြင်းကို တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများအား စက်တင်ဘာ ၄ ရက်မှ ၈ ရက် နေ့ထိ ရောင်းချပေး၍ တင်ဒါတင်သွင်းခြင်းကို အောက်တိုဘာ ၁၃ ရက် နောက်ဆုံးသတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုအပါအ၀င် လေဆိပ်စုစု ပေါင်း ၆၉ ခုရှိပြီး ဟံသာဝတီလေဆိပ်အား အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် တည်ဆောက်နိုင်ရန် တင်ဒါအောင်ထားသည့် ကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
Credit: Nwes Watch