ရှန်ဟိုင်းအနီးရှိ ၀ူရှီမြို့က ကနေဒါနိုင်ငံ တိုရန်တိုနှင့် အိုက်စ်လန်နိုင်ငံရှိ ရေဂျာဗစ်မြို့တို့ပြီးနောက် တတိယအမြန်ဆုံးနှုန်းဖြင့် အိမ်ဈေးများ မြင့်တက်ခဲ့သည်။
Hurun Report သုတေသနအဖွဲ့က ဇွန် ၃၀ အထိ ၁၂ လတာအတွင်း အိမ်ဈေးနှုန်း၁၀ ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့သည့် နိုင်ငံ ၁၂ နိုင်ငံရှိ ဈေးကွက်မြို့များ၏အိမ်ဈေးနှုန်း မြင့်တက်မှုနှုန်းများကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ယင်းအနက်နှုန်းအမြန်ဆုံးမြို့ ၅၀ တွင် ၂၁ မြို့က တရုတ်မြို့များ ဖြစ်ကြောင်း သိရသည်။
ထိုကမ္ဘာ့အဆင့်အမြန်ဆုံးမြို့ ၅၀ တွင် ထိပ်တန်း ၅ မြို့မှာ တိုရန်တို (ကနေဒါ)၊ရေဂျာဗစ် (အိုက်စ်လန်)၊ ၀ူရှီ (တရုတ်)၊ ဟောင်ကောင် (တရုတ်) နှင့် ကျန်ကျိုး(တရုတ်) တို့ ဖြစ်ကြသည်။
ထိပ်တန်း ၁၀ မြို့တွင် တရုတ်မှ ၆ မြို့ပါဝင်ပြီး ၎င်း မြို့ ၅၀ တွင် ၂၁ မြို့ ပါဝင်မှုဖြင့်တရုတ်က မြို့အများဆုံးပါဝင်သည့်နိုင်ငံ ဖြစ်သည်။ တရုတ်ပြီးနောက် အမေရိကန်မှဆီယက်တဲလ်၊ အော်လန်ဒို၊ ဒဲလက်စ်၊ ဒန်ဗား၊ နယူးယောက်၊ စခရေမန်တိုနှင့်မီယာမီ၊ ဂျာမနီမှ ဘာလင်၊ ဟန်နိုဗာ၊ စတုဂါ့တ်၊ ဖရန့်ဖာ့တ်၊ မြူးနစ်ခ်ျနှင့် ဟမ်ဘာ့ဂ်၊ကနေဒါက တိုရန်တို၊ ဟာမီတန်၊ ဗစ်တိုးရီးယားနှင့် ဗန်ကူးဗား၊ သြစတြေးလျကမဲလ်ဘုန်း၊ ဆစ်ဒနီနှင့် ကန်ဘာရာ၊ အိုင်ယာလန်နှင့် နယူးဇီလန်တို့က ၂ မြို့စီ
ပါဝင်မှုဖြင့် အစဉ်လိုက် အများဆုံးဖြစ်ကြသည်။
ရှန်ဟိုင်းအနောက်ဘက် ၁၄၀ ကီလိုမီတာခန့် ကွာဝေး၍ ၂ နာရီကြာမောင်းနှင်ရသည့် လူသိနည်းကြသော တရုတ်အရှေ့ပိုင်းမြို့ ၀ူရှီက ကမ္ဘာ့ဈေးအကြီးဆုံးအိမ်ဈေးကွက်အဖြစ် မကြာသေးမီက ကမ္ဘာတစ်ဝန်း ဖော်ပြခံထားရသည့်ဟောင်ကောင်ကို ကျော်တက်ပြီး အိမ်ဈေးမြင့်တက်မှုနှုန်း အမြင့်ဆုံးတရုတ်မြို့ဖြစ်လာသည်မှာ အံ့အားသင့်စရာ ဖြစ်သည်။
တရုတ်တောင်ပိုင်းပြည်နယ် ကျန်စုအပိုင် ၀ူရှီမြို့သည် အနောက်ဘက်တွင်
ချန်ကျိုးမြို့နှင့် အရှေ့ဘက်တွင် စူးကျိုးမြို့တို့နှင့် ထိဆက်နေသည်။ ထို ၁၂ လတာကာလအတွင်း ၀ူရှီက အိမ်ဈေး ၂၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး
ဟောင်ကောင်က ၂၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com