ယူဂန္ဓာအာဏာရှင် အိုက်ဒီအာမင်အကြောင်း ရိုက်ကူးထားသည့် The Last King of Scotland ဖြင့် အော်စကာဆုရခဲ့သူ သရုပ်ဆောင်၊ ဒါရိုက်တာ ဖောရက်ဝစ်တိတ်ကာသည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာသည်။
ဖောရက်ဝစ်တိတ်ကာနှင့် ဇနီး ခီးရှာတို့ အရောင်းဈေးကွက်တင်လာသော နေအိမ်ခြံဝန်းမှာ ၁ ဒသမ ၆၆ ဧက ကျယ်ဝန်းပြီး နေအိမ် ၂ လုံး ပါဝင်သည်။
မှတ်တမ်းများအရဖောရက်တို့ဇနီးမောင်နှံသည်အိမ်နီးချင်းကပ်လျက်တည်ရှိသော အဆိုပါနေအိမ် ၂ လုံးကို ၂၀၀၃ ခုနှစ်အတွင်း သီးခြားစီ ဝယ်ယူခဲ့ကြခြင်းဖြစ်ပြီး စုစုပေါင်း ကန်ဒေါ်လာ ၂ သန်း ကုန်ကျခဲ့သည်ဟု ဆိုသည်။
၁၉၉၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ပင်မနေအိမ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ဂိမ်းကစားခန်းမတစ်ခု၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်၊ စံမှီညစာစားခန်းတို့ ပါဝင်သည်။
ဧည့်ဂေဟာအဖြစ် အသုံးပြုသော အခြားနေအိမ်တစ်လုံးမှာမူ ၁၉၉၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီး ၃ ထပ်အဆောက်အအုံ ဖြစ်သည်။
ပင်မနေအိမ်တွင် မြေထဲပင်လယ်ဗိသုကာဟန်အချို့ ရောယှက်ထားပြီး ၅၆၄၁ စတုရန်းပေ အကျယ်အဝန်းရှိသည်။
စတုရန်းပေ ၇၅၀ ကျယ်ဝန်းသည့် ဂိမ်းကစားခန်းမှာ မူလက ကားဂိုဒေါင်အဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကားသုံးစင်း ဝင်ဆန့်သည်။
ဈေးကွက်တင်သည်မှာ Douglas Elliman Real Estate ကုမ္ပဏီမှဖြစ်သည်။
ရောင်းချသူ= ဖောရက်နှင့် ခေးရှားဝီတိတ်ကာ
တည်နေရာ= လော့စ်အိန်ဂျလိ၊ ကယ်လီဖိုးနီးယား
ခေါ်ဈေး= ကန်ဒေါ်လာ ၅၉၉၅၀၀၀
အရွယ်အစား= နေအိမ် ၂ လုံးပေါင်း အကျယ်အဝန်း ၈၃၆၆ စတုရန်းပေ၊ အိပ်ခန်း ၁၁ ခန်း၊ ရေချိုးခန်း ၁၁ ခန်း
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)