သြစတေးလျအိမ်ခြံမြေ လောကသို့ တရုတ်ပြည်မှ အရင်းအနှီးသွင်းအားစုများ စီးဝင်မှု ကျဆင်းသွားပြီး စင်္ကာပူရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု မြင့်တက်လာကြောင်း ဆစ်ဒနီနံနက်ခင်းသံတော်ဆင့်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယခုနှစ် ပထမ ၆ လတာကာလအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၆၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
Cushman & Wakefield ၏ သုံးသပ်ချက်အရ တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု အားနည်းနေသော်လည်း သြစတေးလျ အိမ်ခြံမြေဈေးကွက် မှာ အားကောင်းလာမည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီး ကန်ဒေါ်လာ ၃၀ ဘီလီယံဖိုးခန့်အထိ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
တရုတ်အစိုးရက ပြည်တွင်းကုမ္ပဏီများကို ပြည်ပအိမ်ခြံမြေဈေးကွက်များတွင် အလုံးအရင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေခြင်းအား ကန့်သတ်တားမြစ်ခဲ့သည်။
ယင်းသို့ တင်းကျပ်သည့်စည်းမျဉ်းများ ထုတ်ပြန်ခဲ့ခြင်းမှာ သြစတေးလျနှင့် အခြားဒေသတွင်းနိုင်ငံများ၏ အိမ်ခြံမြေကဏ္ဍ အပေါ် ရိုက်ခတ်မှုများ ကြီးမားခဲ့သည်။
တရုတ်နိုင်ငံတော်ကောင်စီက ပြည်တွင်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခဲ့သည်မှာ ပြည်ပအိမ်ခြံမြေကဏ္ဍတစ်ခုသာမကဘဲ ကာစီနိုလောင်းကစားဝိုင်းနှင့် ကာကွယ်ရေးနည်းပညာကဏ္ဍတို့လည်း ပါဝင်သည်။
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခြေအနေများက တရုတ်စီးပွားရေးလုပ်ငန်းမှတစ်ဆင့် တရုတ်ဘဏ်လုပ်ငန်းကဏ္ဍအထိ အန္တရာယ်များ ကျရောက်လာမည်ကို တရုတ်အာဏာပိုင်တို့က ရတက်မအေးဖြစ်လျက်ရှိခြင်းကြောင့်လည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)