လွန်ခဲ့သည့် တစ်နှစ်ကျော်က ဖိလစ်ပိုင်သမ္မတဖြစ်လာသော ရိုဒရီဂိုဒူတာတေးသည် အာဏာရရှိပြီး နောက် မိမိ၏ သမ္မတသက်တမ်း ခြောက်နှစ်အတွင်း အမေရိကန် ဒေါ်လာဘီလီယံ ၁၈ဝ အကုန်အ ကျခံ၍ တိုင်းပြည်၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ''ဆောက်လုပ်ရေးပြီး ဆောက်လုပ်ရေး (Build, Build, Build) ရွှေခေတ်စီမံကိန်းကြီး''ကို ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။ လုပ်ငန်းစီမံချက်အားလုံးကို အစိုးရက ငွေကြေးချေးငှားပြီး အကူအညီပေး သွားမည်ဟုလည်း အာမခံခဲ့သည်။
ဒူတာတေးက ယင်းရွှေခေတ် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တစ်နှစ်လျှင် နိုင်ငံ GDP ၏ ခုနစ်ရာခိုင်နှုန်းအထိ သုံးစွဲသွားမည်ဟု ကတိပေးခဲ့သည်။ ထိုရာခိုင်နှုန်းသည် ယခင် ဖိလစ်ပိုင်အစိုးရ လက်ထက်က သုံး ရာခိုင်နှုန်းခန့်သာ သုံးစွဲခဲ့ပြီး အိမ်နီး ချင်းနိုင်ငံများ၏ ပျမ်းမျှငါးရာခိုင်နှုန်းထက် ပိုမိုသုံးစွဲထားခြင်းဖြစ်ပါသည်။ ယခင်သမ္မတဟောင်း အကွီနိုလက်ထက်တွင် နိုင်ငံခြားနှင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် PPP ခေါ် ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် ဖက်စပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကြိုးနီစနစ်ကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ယခုအချိန်အထိ သမ္မတဒူတာတေးသည် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ဆောက်လုပ်ရေး စီမံကိန်းကြီး ၂၁ ခုကို လုပ်ကိုင်ခွင့် ချပေးထားပြီးဖြစ်သည်။ ထိုလုပ်ငန်း များထဲတွင် ပျက်စီးနေသည့် မနီလာ လေဆိပ်ပြုပြင်ရေးလုပ်ငန်း၊ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းပေါ်ရှိ ရထားလမ်းဖောက်လုပ်သည့်လုပ်ငန်း၊ ဆိပ်ကမ်းများ ခေတ်မီအောင် အဆင့်မြှင့် တည်ဆောက်သည့် လုပ် ငန်း၊ လမ်းမကြီးများ၊ ရထားလမ်းများနှင့် ဆည်ရေပေးဝေသည့် လုပ်ငန်းများ ပါဝင်သည်။
သမ္မတဒူတာတေးတက်လာပြီး ငါးလအတွင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ အတွက် လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများ ပြည်ပမှဝယ်ယူ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံရှိသဖြင့် ယခင် သမ္မတလက်ထက်ကထက် ခုနစ် ရာ ခိုင်နှုန်းကျော် ပိုမိုတင်သွင်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အများဆုံးဖြစ် သည်။ သမ္မတဒူတာတေး အစိုးရအဖွဲ့၏ ဘတ်ဂျက်အတွင်းဝန်ဖြစ်သူ ဘင်ဂျာမင့်ဒီအိုကင်နိုက ''ကျွန်တော်တို့ နိုင်ငံဟာဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံဖြစ်လို့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူတင်သွင်းရပါတယ်။ ယခင်အစိုးရတွေက အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းအား ပစ်ပယ်ထားတာ ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေခြင်း ဖြစ်တယ်''ဟု ပြောပါသည်။
ဖိလစ်ပိုင် ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်သော တီလာဗီလာ (Teravera) ကော်ပိုရေးရှင်းသည် ၄င်း၏ ဆောက်လုပ်ရေးလုပ်ငန်းများအ တွက် လိုအပ်သော လမ်းခင်းစက် များ၊ ထရပ်ကားများနှင့် မြေတူးစက်များကို တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ဝယ်ယူတင်သွင်းရန် အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို အစိုးရထံမှ ချေးယူပြီးနောက် ယခုနှစ်တွင်လည်း လေး ကြိမ်မြောက် ချေးငွေများကို ချေးယူ သွားဦးမည်ဟုသိရသည်။
တီလာဗီလာကဲ့သို့ပင် ဖိလစ်ပိုင်နိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီများသည် နိုင်ငံ၏ သွင်းကုန်များ တင် သွင်းရာတွင် အများဆုံးနေရာကို ရယူထား
သဖြင့် ယခင်ကုန်သွယ်မှု ပိုလျှံခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုလိုငွေပြလာသည်။ ၁၁ နှစ်အတွင်း ဖိလစ်ပိုင်ငွေကြေး ပီဆိုသည် အမေရိကန် ဒေါ်လာနှင့် ဖလှယ်ရာတွင် အနိမ့်ဆုံး သို့ ကျဆင်းခဲ့သည်ဟု သိရသည်။
ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Diwa Guinigundo က ''ပီဆိုငွေတန်ဖိုးကျဆင်းပေမယ့် ပြည်ပမှာ သွားရောက်အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေက တစ်လကို ပြန်ပို့ငွေဟာ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံရှိနေတဲ့အတွက် ငွေကြေးသုံးစွဲနိုင်အား မြင့်မားနေပြီး ရေရှည်မှာ ပို့ကုန်တန်ဖိုးကောင်းလာ နိုင်ပါတယ်။
မကြာမီနှစ်များမှာ ပြည်ပက ကန်ထရိုက်လုပ်ငန်းတွေနဲ့ ပြည်ပမှာ သွားရောက်အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားများစွာတွေဆီက ဝင်ငွေအမေရိကန် ဒေါ်လာ ၄ဝ ဘီလီယံအထိ ဝင်လာစရာရှိတဲ့ အတွက် ဘတ်ဂျက်လိုငွေပြမှုကိုကာ မိလာနိုင်ပါတယ်''ဟု ထောက်ပြပါသည်။
ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများအပြင် တီလာဗီလာကဲ့သို့သော အားကောင်းသော ဆောက်လုပ်ရေးကုမ္ပဏီအများအပြားသည်
အစိုးရ၏ ယိုယွင်းနေသောလမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များဆောက်လုပ်ရေးလုပ်ငန်းအတွက် အပြိုင်အဆိုင် ဝင်ရောက်လုပ် ကိုင်လာနေကြသည်။ အစိုးရ၏ ဆောက်လုပ်ရေး စီမံကိန်းပေါင်းများ စွာကိုလည်း စောင့်ဆိုင်းနေကြပြီး ၄င်းတို့အတွက် လိုအပ်သော ဆောက်လုပ်ရေးသုံး စက်ပစ္စည်းများကို နိုင်ငံ ခြားမှ မှာယူနေကြပါသည်။
တီလာဗီလာ ကုမ္ပဏီကြီးသည် ဖိလစ်ပိုင်တောင်ပိုင်းရှိ Luzon ကျွန်းတွင် အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းများ၌ အဓိကလုပ်ကိုင်နေပြီး ကြန့်ကြာနေသော လေးလမ်းသွားလမ်းဖောက် လုပ်ရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော တိုးဂိတ်များ ဆောက် လုပ်ရန်အတွက် တစ်ဆင့်ခံ ကန်ထရိုက်များဖြင့် လုပ်ကိုင်ရန်ရှိသည်ဟုသိရသည်။
ယခင်အာကွီနို အစိုးရလက်ထက်တွင် ကြိုးနီစနစ်လွှမ်းမိုးခဲ့မှုများကြောင့် နိုင်ငံခြားနှင့် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် တွန့်ဆုတ်နေခဲ့ကြသော်လည်း ဒူတာတေး၏ လက် ထက်တွင် လုပ်ငန်းများ လျင်မြန်ချောမွေ့လာပြီး ၄င်းအားယုံကြည်ကြသဖြင့် အင်တိုက်အားတိုက်ပါဝင် လုပ်ကိုင်လာကြသည်။ သို့ဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံ၌ ဆောက်လုပ်ရေး ရွှေခေတ်ကို ရောက်တော့မည်မှာမလွှဲတော့ပါ။
Credit: Zaygwet