Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ်သည် လော့စ်အိန်ဂျလိမြို့ လယ် နာမည်ကျော် Eastern Columbia အဆောက်အအုံကြီးရှိ ကွန်ဒိုခန်း ၅ ခန်းကို ဆက်တိုက်ရောင်းထုတ်လျက်ရှိနေပြီး ယခုအခါတွင်လည်း ကင်တပ်ကီပြည်နယ်ရှိ ၎င်းပိုင် မြင်းခြံကြီးနှင့် နေအိမ်ကို လေလံတင်ရောင်းချလာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကင်တပ်ကီပြည်နယ်ရှိ လေဇင်တန်မြို့ကလေးသည် မြင်းမွေးမြူရေးခြံများဖြင့် နာမည်ကျော်ပြီး Pirates of the Caribbean သရုပ်ဆောင် ပိုင်ဆိုင်သည့် မြင်းခြံတွင် သူ၏မိခင်နေထိုင်ခဲ့ပြီး ယခင်နှစ်အတွင်းက ကွယ်လွန်သွားခဲ့သည်။
ဤမြင်းခြံကို အရောင်းဈေးကွက်တင်ထားသည်မှာ ၉ လခန့်ရှိခဲ့ပြီဖြစ်ပြီး ရောင်းမထွက်သောကြောင့် လေလံတင်လာခြင်းလည်း ဖြစ်သည်။
လွန်ခဲ့သော ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ကြောင်း Rector Hayden Realtors ကုမ္ပဏီမှ အကျိုးဆောင် ဂယ်ရီဒန်တန်က ပြောကြားသည်။
မစ္စတာဒက်ပ်သည် ၁၉၉၅ ခုနှစ်တွင် ယခုမြင်းခြံကို ကန်ဒေါ်လာ ၉၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကန်ဒေါ်လာ တစ်သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။
ထို့နောက် ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂ သန်းဖြင့် ပြန်လည်ဝယ်ယူခဲ့ပြန်သည်။မစ္စတာဒက်ပ်သည် အဆိုပါမြင်းခြံကို အဘယ်ကြောင့် ဝယ်လိုက်ရောင်းလိုက်လုပ်နေသည်ကို မိမိမသိရှိကြောင်းလည်း မစ္စတာ ဒန်တန်က ဆက်လက်ပြောကြားသည်။
လေဇင်တန်မြို့လယ်မှ ၈ မိုင်အကွာတွင်တည်ရှိပြီး ခြံအကျယ်အဝန်းမှာ ၄၁ ဧကခန့်အထိ ကျယ်ဝန်းပြီး နေအိမ်မှာ စတုရန်းပေ ၆၀၀၀ ခန့် ကျယ်ဝန်းသည်။
နေအိမ်အတွင်း အိပ်ခန်း ၇ ခန်းပါဝင်ပြီး ခြံဝန်းအတွင်းတွင် ကား ၄ စင်းဆန့် ဂိုထောင်တစ်လုံး၊ စပါးကျီ ၃ ခု၊ ရေကန်တစ်ကန်ပါဝင်သည်။
လာမည့် စက်တင်ဘာ ၁၅ ရက်တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး လေလံပွဲကို ခြံဝန်းအတွင်းတွင် ကျင်းပမည့်အပြင် အွန်လိုင်းမှတစ်ဆင့်လည်း ပြုလုပ်သွားမည်ဖြစ်သည်။
ကြမ်းခင်းဈေးကို ထုတ်ပြန်ရသေးခြင်းမရှိချေ။လေလံပွဲတွင် လေလံအောင်သည့်ဈေးမှာ ရောင်းချသူမှ ကျေနပ်ခြင်းမရှိသည့် ဈေးနှုန်းဖြစ်ပါက ပယ်ချသွားမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)