မန္တလေးတိုင်းအတွင်းသို့ ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု မြင့်တက်လာနိုင်ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။
မန္တလေးတိုင်းအတွင်းသို့ ၂၀၁၇ ခုနှစ် ဇူလိုင်လ တစ်လတာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား ၃၂,ဝ၀ဝ ကျော် ဝင်ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် အလားတူ ကာလက ၂၃,ဝ၀ဝ သာ ဝင်ရောက်ခဲ့ကြောင်း၊ နိုင်ငံခြားသား ခရီးသွားများအနက် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကာ ဒုတိယအနေနှင့် ပြင်သစ်နိုင်ငံသားများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီနှစ် ယခင်နှစ်တွေထက် ပိုပြီးတော့ ဝင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ခရီးသွား သဘောတရားကလည်း ထိရှလွယ်တယ်။ ကိုယ်မျှော်မှန်းမထားတွေ ဖြစ်တတ်တယ်။ ဘိုင်သေတွက်လို့တော့ မရဘူးပေါ့ဗျာ” ၎င်းက ဆက်လက်ပြောဆိုသည်။
မန္တလေးတိုင်းအတွင်း၌ နိုင်ငံခြားသားများ လေ့လာနိုင်မည့် ရှေးဟောင်းဘုရားစေတီပုထိုးများ၊ မြို့ဟောင်းများ၊ ရိုးရာလက်မှုလုပ်ငန်းများ ရှိနေကြောင်း၊ မန္တလေးမြို့တစ်ဝိုက်သည်လည်း ရှေးဟောင်းမြို့တော်များ စုစည်းသည့်ဒေသဖြစ်ရာ ယင်းနေရာများကို အဆင့်မြှင့်တင် ဖော်ထုတ်ပေးပါက ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ယူဆကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသထွက်ကုန်များ ဈေးကွက်ရရှိစေရေး လုပ်ဆောင်ပေးရန်လိုကြောင်း မန္တလေး ဧည့်လမ်းညွန်များအသင်း နာယကဦးတင်ထွန်းက မှတ်ချက်ပြုသည်။
မန္တလေးတိုင်းအတွင်းသို့ ၂၀၁၆ ခုနှစ်အတွင်းက နိုင်ငံခြားသား ခရီးသည် ၃၈၅,ဝ၀ဝ ဦးကျော် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ၃၀၆,ဝ၀ဝ ဦးကျော် ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှူးဦးစီးဌာန စာရင်းများအရ သိရသည်။
မန္တလေးတိုင်းအတွင်းရှိ မန္တလေး၊ အင်းဝ၊ အမရပူရနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်း၊ မင်းကွန်းဒေသများကို ၂၀၁၇ ခုနှစ်မှစတင်ကာ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း (Culture Tourism) အဖြစ် ဖော်ဆောင်ရန် မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနက စီစဉ်ထားသည်။
Credit: The Voice