လော့စ်အိန်ဂျလိမြို့လယ်ရှိ ပင်လယ်ဓားပြတစ်ဦး၏ အခန်းတွင် နေထိုင်နိုင်ရန် အခွင့်အလမ်း သင့်အတွက် ပိုမိုနည်းပါးသွားပြီ (ဂျွန်နီဒက်ပ်က သူ၏ စတုတ္ထမြောက်ကွန်ဒိုခန်းကို ရောင်းထုတ်လိုက်ပြီ)
ယခုအခါ လော့စ်အိန်ဂျလိမြို့လယ်ရှိ ပင်လယ်ဓားပြတစ်ဦး၏ အခန်းတွင် နေထိုင်နိုင်ရန် အခွင့်အလမ်း သင့်အတွက် ပိုမိုနည်းပါးသွားပြီဖြစ်သည်။
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ်သည် လော့စ်အိန်ဂျလိမြို့ လယ်ရှိ နာမည်ကျော် Eastern Columbia အဆောက်အအုံကြီးတွင် ကွန်ဒိုခန်း ၅ ခန်းပိုင်ဆိုင်ထားခဲ့ပြီး အားလုံးကို အရောင်းဈေးကွက်တင် ရောင်းထုတ်လျက်ရှိရာ ယခုအခါ စတုတ္ထမြောက်ကွန်ဒိုခန်းကို ရောင်းထွက်သွားပြီ ဖြစ်သည်။
ယခုရောင်းထွက်သွားသည့်အခန်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ပြီး ယခုဈေးတည့်သွားသည်မှာ ကန်ဒေါ်လာ ၁ ဒသမ ၈၂ သန်းဖြင့် ဖြစ်သည်။
ဂျွန်နီဒက်ပ်သည် Eastern Columbia အဆောက်အအုံကြီးရှိ အခန်း ၅ ခန်းကို
၂၀၀၇ ခုနှစ်ကတည်းက ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။
“သူက ဒီအခန်းတွေမှာ နေအိမ်တစ်လုံးထဲက အခန်းတွေလိုမျိုး တစ်မျိုးစီ ခွဲပြီးအသုံးပြုနေထိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု အရောင်းဈေးကွက်တင်သည့် Partners Trust ကုမ္ပဏီမှ အကျိုးဆောင် ကီဗင်ဒီးစ်က ပြောကြားသည်။
“တစ်ခန်းကို ဧည့်ခန်း၊ အိပ်ခန်းအဖြစ်သုံးပြီး နောက်တစ်ခန်းကို ညစာစားခန်း၊ ဧည့်ကြိုဆောင်အဖြစ် သုံးတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Penthouse (II) ကို အနုပညာစတူဒီယိုခန်းအဖြစ် အသုံးပြုခဲ့သည်။
ယခုအခန်းတွင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်ပြီး သြဂုတ်လအစောပိုင်းက ကန်ဒေါ်လာ ၁ ဒသမ ၈၂ သန်းဖြင့် ရောင်းထွက်သွားခြင်းဖြစ်သည်ဟု မစ္စတာဒီးစ်က ဆိုသည်။
ထို့ကြောင့် ဂျွန်နီဒက်ပ်၏ ကွန်ဒိုခန်းမှာ ဈေးကွက်တွင် တစ်ခန်းသာ လက်ကျန်ရှိတော့သည်။
မူလက အခန်း ၅ ခန်းလုံးကို ကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောနိုဝင်ဘာတွင် Penthouse (II) ကို ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းဖြင့် သီးခြားဈေးကွက်တင်ခဲ့သည်။
ဖေဖော်ဝါရီတွင် ၂ ဒသမ ၄ သန်းသို့ ဈေးလျှော့ပေးခဲ့၏။
အထပ်ပေါင်း ၁၃ ထပ်ပါဝင်သည့် Eastern Columbia အဆောက်အအုံကြီးကို ၁၉၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့်အဆောက်အအုံများအနက် အကောင်းဆုံး စံနမူနာ အဆောက်အအုံကြီးတစ်ခုဖြစ်သည်။
ဂျွန်နီဒက်ပ်၏ နောက်ဆုံးကျန်ရှိသည့်အခန်းမှာ အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း ၂ ခန်း ပါဝင်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဈေးခေါ်ထားသည်။
ဂျွန်နီဒက်ပ်၏ အခန်းတွင် နေထိုင်နိုင်မည့် နောက်ဆုံးသော အခွင့်အလမ်းလည်း ဖြစ်သည်။
Penthouse ခန်း ၂ ခန်းအား ကန်ဒေါ်လာ ၂ ဒသမ ၃၈၅ သန်းနှင့် ၁ ဒသမ ၇၉ သန်းတို့ဖြင့် မတ်လအတွင်း ဈေးကွက်တင်ခဲ့သည့် သတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/609868 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)