စက်မှုဇုန်များ ထူထောင်ခွင့်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကိုယ်တိုင် စီမံလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ယခင်က စက်မှုဇုန်များ ထူထောင်လိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ လျှောက်ထားရန် လိုအပ်ကြောင်း၊ ယခုအခါ ရင်းနှီးမြှုပ်နှံတည် ထောင်သူတစ်ဦးက ဦးဆောင်၍ ဆောင်ရွက်မည် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ သဘောထားဖြင့် လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း MIC ထံမှ သိရသည်။
“သီလဝါ အထူးစီးပွားရေးဇုန်ဆိုရင် ဂျပန်ကနေ ဦးဆောင်ပြီး ရေ၊ မီး၊ လျှပ်စစ် ရအောင်လုပ်တယ်။ ဒီထဲကို ရင်းနှီးမြှုပ်နှံသူတွေလာအောင် သူ့ဟာသူ ဖိတ်ခေါ်တယ်။ အခုက အစိုးရက မြေပဲပေးမှာ။ ကျန်တာအားလုံး ရင်းနှီးမြှုပ်နှံသူက လုပ်ရမှာ။ ဒီတော့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေက သူတို့ရွေးချယ်ထားတဲ့ လုပ်ငန်းရှင်ကို ပေးလို့ရသလို တင်ဒါစနစ်နဲ့လည်း လုပ်ကိုင်မယ့်သူကို ခေါ်လို့ရတယ်” ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။
စက်မှုဇုန်များကို တိုင်းနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည် ဖြစ်သောကြောင့် စက်မှုဇုန်မြေဖြစ်ရန် မြေပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေပြီး ပြည်ထောင်စုအစိုးရက မြေနေရာ အတည်ပြုပြီးပါက လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။
စက်မှုဇုန်မြေများ တိုးချဲ့ဖော်ဆောင်ခြင်းအပြင် လက်ရှိလည်ပတ်နေသော စက်မှုဇုန်များရှိ လုပ်ငန်းမလုပ်သော မြေလွတ်များကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ ယင်းသို့ မြေလွတ်များ ရှိနေခြင်းကြောင့် စက်မှုဇုန်မြေများ ဈေးကြီးနေပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲ ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။
ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုဇုန်အသစ်များ ထပ်မံဖော်ထုတ်ရန် မြေနေရာ ရှာရခြင်းမှာ အခက်အခဲ ဖြစ်နေပြီး မြို့စွန်များတွင်သာ ဇုန်အသစ်ဖော်နိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
Credit: The Voice