အိမ် ခြံ မြေ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ထွန်းမှု အားနည်းနေသည်ဆိုသော်လည်း သိန်း ငါးဆယ်မှ သိန်း နှစ်ရာကြားမြေကွက်များမှာ အရောင်းအဝယ်ဖြစ်နေပြီး အဝယ်လိုက်လျက်ရှိကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များထံမှစုံစမ်းသိရသည်။
""ဈေးကွက်က မြို့စွန်မြို့နယ်တွေမှာ အရောင်းအဝယ်ဖြစ်တယ်။ဒဂုံဆိပ်ကမ်းမြို့နယ် ၊ အရှေ့ဒဂုံမြို့နယ်တွေမှာ သိန်း ငါးဆယ်လောက်အကွက်တွေကနေ သိန်း နှစ်ရာ ၊ သုံးရာလောက်အထိကိုဖြစ်တယ်။အောက်ဈေးတွေနဲ့ဖြစ်တာများတယ်။အခုဖြစ်နေတဲ့ သိန်း နှစ်ရာဆိုတာကလည်း အရင်က သိန်း လေးရာ ၊ ငါးရာတန်တွေဈေးကျကုန်တာ။ပြောရရင် အရောင်းအဝယ်က ဇူလိုင်လဆန်းကတည်းကအမေးများတယ်။ဖြစ်တော့ဖြစ်တယ်။အရမ်းတော့မဟုတ်ဘူး။သိန်း ၅၀ ၊ ၁၀၀ အကွက်တွေလောက်ပဲ ဖြစ်တယ်။""ဟု မြန်မာနိုင်ငံအိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း ဗဟို မှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ ပြောသည်။
ဇူလိုင်လ ဆန်းမှ ယခုဩဂုတ်လနောက်ဆုံးပတ်အထိ သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိမြေကွက်အချို့လည်းအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။တန်ဖိုးကြီးမြေကွက်များ အရောင်းအဝယ်ဖြစ်သည့်မြို့နယ်များမှာ စမ်းချောင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များဖြစ်ကြကြောင်း အကျိုးဆောင်များထံမှ သိရသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com