ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ သြဂုတ် ၂၂ ရက် မွန်းလွဲ၂နာရီကဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေးစီမံကိန်းဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မိမိတို့အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေမှုကို ပြည်သူများသိရှိနိုင်စေရန်၊ ကျူးကျော်ကိစ္စရပ်များနှင့် မြေသိမ်း၊ မြေလွှဲကိစ္စရပ်များကို ဌာန ဆိုင်ရာများပူးပေါင်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ လေကြောင်းဦးစီးဌာနမှ ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုင်ငံတော်စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုအဆင့်တွင် ဒုတိယသမ္မတ(၂) ဦးဆောင်သည့်Steering Committee၊ ပြည်ထောင်စုဝန်ကြီး (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန) ဦးဆောင်သည့်Working Committee၊ ဒုတိယဝန်ကြီး (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) ဦးဆောင်သည့်Negotiation Committee တို့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်ဒါအောင်
မြင်ခဲ့သည့်JGC-Yongnam-CAI Consortium (HIA Myanmar Co.,Ltd) နှင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် Framework
Agreement အား လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ODA ချေးငွေရရှိနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည် သိရသဖြင့် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ဟံသာဝတီလေဆိပ်စီမံ
ကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျူးကျော်စာရင်းများကောက်ယူခြင်း၊ လျော်ကြေးပေးလျော်နိုင်ရေးနှင့် ပြန်လည်နေရာချထားနိုင်ရေး စသည့်လုပ်ငန်းစဉ်သုံးရပ်အား ကော်မတီသုံးရပ်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား
သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး မြေသိမ်းမြေလွှဲ အမှုတွဲ
များ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေဆိပ်ဧရိယာအတွင်း ဆောက်လုပ်ပြီးစီးသွားသည့် ဘန်ဂလိုများ
၌ လေဆိပ်ဝန်ထမ်း အစောင့်များထားရန်လိုအပ်ပါကြောင်းနှင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က လေဆိပ်တစ်ခု ဖြစ်မြောက်
ရန်အတွက် ရေ၊ မြေ၊ လေ၊ မီး စသည်တို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ ပဲခူးမြို့၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်ဝန်း
ကျင်အနေအထားအရ ဆည်၊ တမံများရှိ၍ ရေကောင်း၊ ရေသန့် လုံလောက်စွာ ထုတ်ယူနိုင်ခြင်း၊ လေကြောင်းဦးစီးဌာနပိုင် မြေရှိ
ခြင်း၊ နိုင်ငံတကာလေကြောင်းပျံသန်းရေး လမ်းဆုံ၌တည်ရှိနေခြင်း၊ လျှပ်စစ်မီးနှင့်ပတ်သက်၍လည်း ကမာနတ်ဓာတ်အားခွဲရုံမှ သွယ်တန်းရမည်ဖြစ်၍ အဆင်ပြေနိုင်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၌ ပဲခူးမြို့သည် ရေခံမြေခံကောင်းမွန်ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ တက် ရောက်ခဲ့ကြောင်း သိရသည်။
Credit: The Mirror