အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ်ခံထားရသည့် သီရိမင်္ဂလာဈေးဟောင်းနေရာတွင် (၁၅)ထပ်တိုက်ဆောက်လုပ်မည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ငြင်းဆိုလိုက်သည်။
သီရိမင်္ဂလာဈေးဟောင်းနေရာ၌ (၁၅)ထပ်အမြင့်ရှိအဆောက်အဦးကို ရန်ကုန်မြို့တော်စည်ပင်နှင့် အကျိုးတူတည်ဆေက်ရန် တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း ယခုရက်ပိုင်းအတွင်း ကောလာဟလများထွက်ပေါ်နေသည်။
"အဲဒါက မဆောက်ဖြစ်သေးပါဘူး။ ဟိုကမြို့တော်ဝန်ပြန်လာပြီးမှ အန္တရာယ်ရှိအဆောက်အဦးလား ပြန်ပြင်ရင်ရမလား အဲဒါကိုရန်ကုန်တိုင်းအစိုးရအဖွဲ့က စစ်လိမ့်မယ်လေ"ဟု ကြည့်မြင်တိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောပြသည်။
ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနှင့် အဆိုပါဈေးဟောင်းမှကားလုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့်သာ သီရိမင်္ဂလာဈေးဟောင်းအား ပြန်လည်ပြင်ဆင် သင့်၊မသင် ကိုဆုံးဖြတ်သွားနိုင်မည်ဖြစ်သည်။
"ဘာမှComfirm(အတည်)မဖြစ်ပါဘူး ။စောင့်ကြည့်လိုက်မယ်။ နားထောင်ပါဦး"ဟု ဦးခင်ဝင်းက ဆက်လက်ပြောသည်။
ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်တွင်ရှိသည့် သီရိမင်္ဂလာဈေးဟောင်းကို ပြန်လည်ပြင်ဆင်သင့်မသင့်ကို ရန်ကုန်အစိုးရအဖွဲ့မှ ပညာရှင်များဖြင့် စစ်ဆေးသွားရန်ရှိနေသည်။
သီရိမင်္ဂလာဈေးကို ၁၉၉၆ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ကုန်စိမ်း၊
ကုန်ခြောက်များရောင်းဝယ်ခဲ့ကြသည်။
၎င်းနောက် ယာဉ်ကြောကြပ်တည်းမှုကို အကြောင်းပြု၍ လှိုင်မြို့နယ်သို့ သီရိမင်္ဂလာဈေးသစ်အနေဖြင့် ပြောင်းရွေ့ခဲ့သည်။
လက်ရှိ သီရိမင်္ဂလာဈေးဟောင်းတွင် သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး သီရိမင်္ဂလာဈေးဟောင်းမှာ သက်တမ်း(၂၁)နှစ်ရှိပြီဖြစ်သည်။
Credit: Mizzima