စီးပွားရေးမြို့တော်ရန်ကုန်အတွက် ရန်ကုန်တစ်ဖက်ကမ်းမှ မြို့သစ်စီမံကိန်းမှာ ပြောင်းလဲမှုများဖြင့် ပြန်လည် စတင်ရန် ရန်ကုန်တိုင်း အစိုးရက ကြိုးစားလျှက်ရှိသည်။
အစိုးရနှစ်ခုအကြား ယခင် အစိုးရလက်ထက်က တင်ဒါခေါ်ယူထားမှုများဒီဇိုင်းဆွဲထားမှုများနှင့် သတ်မှတ်ချက် အချို့ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောင်းလဲမှု အချို့ပြုလုပ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို ယခုနှစ် မိုးကာလအကုန်ပွင့်လင်းရာသီတွင်စတင်မည်ဟု တရားဝင်ကြေငြာလိုက်ခြင်းကြောင့် မြို့သစ်စီမံကိန်းမှာ အသက်ပြန်ဝင်လာခဲ့သည်။ထို့ကြောင့်အစိုးရတစ်ခုနှင့်တစ်ခု အကြားတွင် ရန်ကုန်မြို့သစ်စီမံကိန်းစတင်ရန် အချိန်အားဖြင့်၃နှစ်မှ ၄နှစ်နီးပါး အချိန် ကြာမြင့်သွားခဲ့ရသည်။
ပြည်သူ့ ဘဏ္ဍာများလေလွင့်ဆုံးရှုံးမှု မရှိစေရန် သေချာစိစစ်ပြီးမှ အစိုးရသစ်က မြို့သစ်စီမံကိန်းကိုလုပ်ဆောင်သော်လည်း အခြားတိုင်းပြည်များမှ မြို့သစ်စီမံကိန်းတည်ဆောက်မှုများနှင့်နှိုင်းယှဉ်ပါက ကြာမြင့် နေပြီး ခရီးမရောက်ဟု သုံးသပ်ရမည်ဖြစ်သည်။
ဥပမာအားဖြင့် မလေးရှားနိုင်ငံနှင့်စင်ကာပူ နှစ်နိုင်ငံ ပင်လယ်ပြင်ရေနယ်နမိတ်တွင်မြေဖို့ပြီး ကျွန်းပြုလုပ်ကာ အရှေ့တောင်အာရှ၏ အိမ်ခြံမြေဈေးကွက်ကို ခြိမ်းခြောက်လာမည့် Forest city စီမံကိန်းကို ညွန်းဆိုလိုပါသည်။
လူလုပ်ကျွန်းဟု လူသိများပြီးပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မြေဖို့ကာ ကျွန်းလေးကျွန်းပြုလုပ်ပြီး အဆင့်မြင့် မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းများပြုလုပ်မည့် Forest city စီမံကိန်းကို မြန်မာအစိုးရအနေဖြင့် အတုယူသင့်ပေသည်။
မလေးရှားအစိုးရ က အမေရီကန်ဒေါ်လာ ဘီလီယံ၁၀၀ကျော် ကုန်ကျမည့် စီမံကိန်းတစ်ခုလုံးကို ဟောင်ကောင် အခြေစိုက် country garden ကုမ္ပဏီကို လုပ်ဆောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်တစ်ဖက်ကမ်း ကြည်မြင်တိုင်မြေနေရာကို မြို့သစ်စီမံကိန်းလုပ်ဆောင်ရန်အတွက် နိုင်ငံခြားမှာ အတွေ့ အကြုံရင်Developerကုမ္ပဏီကြီးတစ်ခုခုကိုရွေးချယ်လုပ်ကိုင်စေခြင်း
က ရန်ကုန်အတွက်ပိုမိုပြီး အကျိုးရှိနိုင်မည်ဖြစ်သည်။
“ကျနော်ရန်ကုန်ရောက်တော့ ရန်ကုန်တစ်ဖက်ကမ်းက ဒီဘက်က ရန်ကုန်မြို့နဲ့ယှဉ်ရင် ဖွံ့ဖြိုးမှု အရမ်းနောက်ကျနေတယ် တော်တော်ကြီးကိုကွာခြားနေတယ် မြေဧရိယာတွေက အများကြီးအဲ့ဒီ့ဘက်မှာပိုနေတာ တကယ်လုပ်မယ်ဆိုရင် အလားအလာကောင်းတဲ့မြို့သစ်စီမံကိန်းတစ်ခုဖြစ်လာနိုင်တယ် “ဟု မလေးရှားနိုင်ငံတွင် Forest city စီမံကိန်းကိုတည်ဆောက်နေသည့် country garden ကုမ္ပဏိမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ Dr.Yu က ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပက်သတ်ပြီးမှတ်ချက်ပြုသည်။
Forest city စီမံကိန်းသည် လက်ရှိတွင် ကျွန်း၎ကျွန်းမှ Phase 1 အဖြစ် စီမံကိန်းအချို့စတင်နေပြီဖြစ်သည်။ ကျွန်းလေးကျွန်းမှတည်ဆောက်မည့် လူနေအိမ်ခန်းပေါင်း ၆၀ရာခိုင်နှုန်းမှာ ရောင်ချထားပြီးဖြစ်သည်။ ကျွန်းတစ်ခုနှင့် တစ်ခုကို ရထားလမ်းဖြင့်သာ ချိတ်ဆတ်မည်ဖြစ်ပြီး ကျွံန်းပေါ်တွင် မော်တော်ယာဉ်မောင်းနှင်ခြင်းကိုခွင့်ပြုမည်မဟုတ်ဘဲ ကျွန်း၏ မြေအောက်ထပ်တွင်သာ မော်တော်ယာဉ် မောင်းနှင်ခြင်းကိုခွင့်ပြုမည်ဖြစ်သည်။
စိမ်းလန်းပြီးသဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်အလေးပေးမည့် green city အဖြစ်လည်း ပင်လယ်ပြင်ကိုမျက်နှာပြုသည့် Forest city က အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
အပန်းဖြေ မြို့တော်အဖြစ်လည်းကောင်း Duty free အရောင်းဆိုင်များအဖြစ်လည်းကောင်းကမ္ဘာ့လှည့်ခရီးသွားများကိုပါ ဆွဲဆောင်မည့် Forest City သည်တရုတ်နိုင်ငံ၏ one belt on road လမ်းကြောင်းမှ ပင်လယ်ရေကြောင်းမဟာ ဗျူဟာပေါ်တွင်တည်ရှိနေခြင်းလည်းဖြစ်သည်။
ထို့ကြောင့် ရန်ကုန်တစ်ဖက်ကမ်းမှာမူ ကျွန်းပင် ဖန်တီးစရာမလိုဘဲ မြေဧရိယာပေါင်းများစွာရှိသော ကြည်မြင်တိုင်တစ်ဖက်ကမ်းသည့် အစိုးရနှစ်ဆက်အကြားငြင်းခုံမှု အချိန်ကြာမြင့်မှုများနှင့် စတင်ရန် ခက်ခဲနေချိန်တွင် အရှေ့တောင်အာရှနိုင်ငံများမှာ အသီးသီး ရှေ့မှပြေးနေပြီဖြစ်သည်။
ရန်ကုန်မြို့တွင်လည်းယာဉ်ကြောကျပ်တည်းလာခြင်း နေထိုင်စရိတ်မြင့်တက်လာခြင်း မြို့လယ်ခေါင်ကို ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရန် ရှိနေသောကြောင့် အထပ်မြင့်များဆောက်လုပ်ခွင့်ကို ရန်ကုန်တစ်ဖက်ကမ်းတွင် ပိုမိုပြီးခွင့်ပြုပေးမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။
ဆူးလေနှင့်အနီးတစ်ဝိုက်ကို ရန်ကုန်မြို့၏သမိုင်းဝင်အဆောက်အအုံများထိန်းသိမ်းပြီး မြို့၏ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်သကဲ့သို့ ရန်ကုန်တစ်ဖက်ကမ်းတွင်လည်းမိုးမျှော်အထပ်မြင့်အဆောက်အအုံများတည်ဆောက်စေခြင်းဖြင့် စီးပွားရေးမြို့တော်ရန်ကုန်ကိုဟန်ချက်ညီစေမည်ဖြစ်သည်။
ထို့ကြောင့် ငြင်းခုံမှုများ ဆွေးနွေးမှုများအကြားကြန့်ကြာနေသည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် ယခုထက် နောက်ကျ၍ အချိန်မရတော့ဘဲ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သင့်ပြိဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com