အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်တောင်ပိုင်းတွင် ပေ ၁၄၀၄၇ အမြင့်ရှိ တောင်တစ်လုံးပါဝင်ကာ ဧကပေါင်း ၈၃၀၀၀ ကျယ်ဝန်းသည့် တောတောင်မြေနေရာကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်သွားကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အရောင်းဈေးကွက်တင်သည်မှာ Mirr Ranch Group မှ ဖြစ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းနှင့် ဝယ်လက်မည်သူဖြစ်သည် ဟူသည့် အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုထားသည်။
သို့ရာတွင် ဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၀၅ သန်းဖြစ်ရာ ယခုနှစ်အတွင်း ကော်လိုရာဒိုတွင် ဈေးအကြီးဆုံး မွေးမြူရေးမြေ၊ ယာတောမြေတစ်ခုလည်း ဖြစ်သည်။
ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့် မြေနေရာကို စပိန်ဘာသာအားဖြင့် စီလိုဗစ်စတာဟု အမည်ပေးထားပြီး ကောင်းကင်ဘုံ၏မြင်ကွင်းဟု အဓိပ္ပာယ်ရသည်။
ဝယ်လက်နှင့်စပ်လျဉ်း၍ အရောင်းဈေးကွက်တင်သည့်အကျိုးဆောင်များမှ တစ်ဦးဖြစ်သူ ဂျက်ဖ်ဟပ်ဘာ့ဒ်က ပြောကြားသည့် တစ်ချက်မှာမူ “သူက တကယ့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား စစ်စစ်တစ်ယောက်ပဲ။ ဒီအမျိုးသားရတနာကို ထိန်းသိမ်းစောင့်ရှောက်မယ်လို့ လေးလေးနက်နက် ကတိပေးခဲ့ပါတယ်” ဟု ဆိုသည်။
ဧကပေါင်း ၈၃၀၀၀ အကျယ်အဝန်းရှိသည့် တောင်တန်းကုန်းမြင့်နယ်ပယ်အတွင်း ပေပေါင်း ၁၄၀၄၇ မြင့်မားသည့် Culebra တောင်ထိပ်လည်း ပါဝင်ပြီး ကမ္ဘာပေါ်တွင် ပုဂ္ဂလိကပိုင်ဆိုင်သည့် အမြင့်မားဆုံးတောင်ထိပ်တစ်ခု ဖြစ်သည်။
Culebra တောင်ထိပ်သည် မြောက်အမေရိကရှိ ရော့ကီးတောင်တန်းများ၏ Sangre de Cristo တောင်တန်းတွင် အမြင့်မားဆုံး တောင်ထိပ်ဖြစ်သည်။
အဆိုပါတောင်ထိပ်နေရာမှ ကော်လိုရာဒိုပြည်နယ်၊ ကိုစတီလာခရိုင်၊ ဆန်လူးအစ်မြို့နှင့် ၁၄ ဒသမ ၂ မိုင်သာ ဝေးကွာသည်။
“ဒီလိုမြင့်မားတဲ့ နေရာဒေသမျိုးကို ပိုင်ဆိုင်ခွင့်ရပြီး အမဲလိုက်ရမယ့်အတွေ့အကြုံမျိုးက ရတောင့်ရခဲပါ” ဟု အရောင်းဈေးကွက်တင်သည့် Mirr Ranch Group ၏ ပိုင်ရှင် ကင်မားရ်က ပြောကြားသည်။
ချောင်းမြောင်းများမှာလည်း များပြားလှပြီး စုစုပေါင်း မိုင် ၁၀၀ ခန့် ပါဝင်လျက်ရှိရာ ရေချိုငါး မျိုးစိတ်မျိုးစုံ ပျော်စံရာဌာနေလည်း ဖြစ်နေသည်။
ရိုးရာအမဲလိုက်စခန်းချအိမ်များလည်း အများအပြားပါဝင်သည့် စီလိုဗစ်စတာသည် Mirr Ranch Group က ဈေးကွက်တင်ခဲ့သမျှတွင် ဈေးနှုန်းအမြင့်မားဆုံးအဖြစ်စံချိန်တင်ခဲ့ပြီး ဒုတိယနေရာတွင်ရပ်တည်သည်မှာ ကော်လိုရာဒိုပြည်နယ်တွင်ပင်ရှိသော Cross Mountain တောင်တန်းမြေဖြစ်ပြီး ခရိုင်လေးခုကို ဖြန့်ကျက်တည်ရှိကာ ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၁၀၀ ဖြစ်သည်။
၁၈၀၀ ပြည့်လွန်အလယ်ပိုင်းကာလများတွင် မက္ကဆီကိုနိုင်ငံက ယခုမြေနေရာကို ပြင်သစ်လူမျိုးတစ်ဦးအား နေထိုင်လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ထိုသူက စပိန်နှင့် မက္ကဆီကန်အခြေချနေထိုင်သူများကို ကျွဲနွားကျောင်းခြင်း၊ အမဲလိုက်ခြင်းနှင့် သစ်ထုတ်လုပ်ခြင်းတို့ ပြုလုပ်ရန် ခွင့်ပြုပေးခဲ့သည်။
ထိုသူ၏ အမွေဆက်ခံသူများက ကော်လိုရာဒိုပြည်နယ်၏ ပထမဆုံးအုပ်ချုပ်ရေးမှူး ဂျွန် လောင်း ရုထ်အား ရောင်းချခဲ့သည်။
တဖန် ဂျွန်၏ မိသားစုကလည်း ၁၉၆၀ ပြည့်နှစ်တွင် မြောက်ကယ်ရိုလိုင်းနားရှိ သစ်ကုန်သည် ဂျက်ခ်တေလာထံ ရောင်းချခဲ့ပြန်သည်။
ယင်းနောက် ဟပ်စတန်အခြေစိုက် Enron စွမ်းအင်ကုမ္ပဏီ၏ အမှုဆောင် လော်ပိုင်က ၁၉၈၈ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ကာ ၂၀၀၄ ခုနှစ်တွင် သန်း ၆၀ ဖြင့် ပြန်လည်ရောင်းချခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)