ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဆီယမ်ရိအမည်ရှိ မြို့ကလေးတစ်ခုရှိပြီး ကမ္ဘာလှည့်ခရီးသည်တို့ ခြေချင်းလိမ်သည့် နေရာတစ်ခုဖြစ်သည်။
ကမ္ဘာလှည့်ခရီးသွားများ အလုံးအရင်းလာရောက်ခြင်း၏ အကြောင်းမှာ ဆီယမ်ရိတွင် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီး ရှိနေခြင်းကြောင့် ဖြစ်သည်။
ယခုအခါ အဆိုပါဝန်းအတွင်းရှိ တရားမဝင်ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၇၁ အိမ်ကို ဆီယမ်ရိအုပ်ချုပ်ရေးမှူးများနှင့် အန်ကောဝပ် အုပ်ချုပ်ရေးအဖွဲ့ Apsara Authority တို့က အင်အားသုံးဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။
Apsara Authority မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် လောင်ကိုဆယ်လ်က ပြောကြားရာတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်မှ စတင်ဖျက်သိမ်းလျက်ရှိခြင်းဖြစ်ပြီး နေအိမ်ပေါင်း ၁၄၀ ကို အာဏာပိုင်အဖွဲ့က ဖျက်သိမ်းခဲ့ပြီး ကျန်နေအိမ်များကိုမူ ပိုင်ရှင်တို့ကိုယ်တိုင် ဖျက်သိမ်းခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။
နေအိမ်များ ဖျက်သိမ်းခြင်းကို နေရာသုံးခုတွင် အဓိကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပရာဆက်ဘန်ကောင်၊ အန်ကော်သွမ်ခရိုင်နှင့် ဆီယမ်ရိတို့တွင် ဖြစ်သည်။
ပရာဆက်ဘန်ကောင်နှင့် ပူအွတ်ခရိုင်တို့တွင် နေအိမ်ဖျက်သိမ်းမှုများ ဆက်လက်ပြုလုပ်သွားဦးမည်ဖြစ်ကြောင်းလည်း လောင်ကိုဆယ်လ်က ပြောကြားသည်။
“ဖျက်သိမ်းလိုက်တဲ့အဆောက်အအုံတွေမှာ နေအိမ်တွေ၊ အငှားအိမ်ခန်းတွေ၊ တဲတွေ၊ ခြံစည်းရိုးတွေနဲ့ ဓာတ်ဆီဆိုင်တွေ ပါဝင်ပါတယ်။ အခုချိန်ထိတော့ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့လည်း နားလည်သဘောပေါက်ပြီး ပိုင်ရှင်တွေကိုယ်တိုင်က အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးတာမျိုးလည်း ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဖျက်သိမ်းခံအိမ်ရှင်တစ်ဦးဖြစ်သူ ဆောဆာရွန်က ပြောကြားရာတွင် ၎င်းအနေဖြင့် ရင်ကွဲမတတ်ခံစားခဲ့ရကြောင်း ပြောကြားသည်။
“၁၉၈၉ ခုနှစ်လောက်တုန်းက အန်ကောဒေသနဲ့ တစ်ကီလိုမီတာဝေးတဲ့နေရာက ဒီမြေကွက်ကို အာဏာပိုင်တွေက ကျွန်တော်တို့ကို ပေးခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ အဆောက်အအုံဆောက်တာတွေ တားမြစ်တယ်လို့ ပြောလာပြန်ပါတယ်” ဟု ဆာရွန်က ပြောကြားပြီး အနီးရှိ ဟိုတယ်များကိုမူ လက်ဖျားနှင့်ပင် မတို့ကြကြောင်းလည်း ထောက်ပြသည်။
“ကျွန်တော်နေဖို့အတွက် နေအိမ်ဆောက်ပြီးတာမကြာသေးပါဘူး။ အခုဒါက တရားမဝင်ဖြစ်သွားပြီ။ ကျွန်တော့်အိမ်ကို ဖျက်မယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုပါ သတ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ နေစရာမရှိတော့လို့ပါ” ဟု ဆာရွန်က ထိခိုက်ကြေကွဲစွာ ပြောကြားသည်။
ဆီယမ်ရိမြို့ကလေးသည် ခမာမင်းဆက်တို့ ၉ ရာစုမှ ၁၅ ရာစုအထိ နန်းစိုက်ခဲ့ရာ ဒေသဖြစ်သည်။
အန်ကောဝပ်ဘုရားကျောင်းကြီးသည် ဆီယမ်ရိမြို့ကလေးတွင် တည်ရှိပြီး အန်ကောဝပ်၏ အဓိပ္ပာယ်မှာ ခမာဘာသာတွင် မြို့တော်ဘုရားကျောင်းဟု အဓိပ္ပာယ်ရသည်။
အန်ကောဝပ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဘာသာရေးဆိုင်ရာ အဆောက်အအုံကြီးတစ်ခုဖြစ်ပြီး မြေအကျယ်အဝန်း ၁၆၂ ဒသမ ၆ ဟက်တာ ( ၄၀၂ ဧက) ပေါ်တွင် တည်ရှိသည်။
စတင်တည်ဆောက်စဉ်က ခမာဧကရာဇ်အတွက် ရည်ရွယ်ကာ ဗိဿနိုးဘုရားကျောင်းတော်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ၁၂ ရာစုအကုန်တွင် ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)