ဂျပန်နိုင်ငံ အိုဆာကာရှိ ၁၆ ထပ်တိုက် ရုံးအဆောက်အအုံကြီးသည် Gate Tower Buildingဟု အမည်တွင်သည်။ ယင်း တိုက်အလယ်ကိုဖြတ်ကာ အဝေးပြေးလမ်းမ ဖောက်လုပ်ထားသဖြင့် ထိုတိုက်ကြီးသည် ဂျပန်တွင် လူသိများ ထင်ရှားလှသည်။
အားဖြည့်ကွန်ကရစ်နှင့် သံမဏိတို့ဖြင့် တည်ဆောက်ထားသည့် ထိုအထပ်မြင့်တိုက်သည် အမြင့် ၇၁ ဒသမ ၉ မီတာရှိသည်။ အဆောက်အအုံ၏ခေါင်မိုးတွင်လည်း ရဟတ်ယာဉ်ဆင်းကွင်း တည်ဆောက်ထားသေးသည်။ ထိုတိုက်ကြီးကို ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ အထက်ပါတိုက်ကြီး ယင်းသို့ဖြစ်နေရသည့်အကြောင်းရင်းမှာ ဤသို့ဖြစ်သည်။
မြေပိုင်ရှင်များက ထိုနေရာကို ဝယ်ခဲ့ပြီး အဆောက်အအုံကြီး တည်ဆောက်လိုသည်။ သို့သော် ထိုနေရာကိုဖြတ်ကာ အမြန်လမ်းဖောက်ရန် စီစဉ်ထား ပြီးဖြစ်ကြောင်း အစိုးရကဆိုကာ အထပ်မြင့်ဆောက်လုပ်ခွင့်ချမပေးခဲ့ပေ။ ပိုင်ရှင်များက မြေကိုလွယ်လွယ်နှင့် အစိုးရလက်ထဲထည့်မပေးပေ။ နောက်ဆုံးတွင် အစိုးရနှင့်မြေပိုင်ရှင်များ ညှိနှိုင်းလိုက်ကြရာ အဆင်ပြေသွားသည်။
အစိုးရက အဆောက်အအုံဆောက်လုပ်ခွင့်ပေးလိုက်ပြီး ထိုအလယ်ကိုဖြတ်ကာ လမ်းဖောက်သွားမည်ဖြစ်သည်။ ငါးထပ်၊ ခြောက်ထပ်နှင့် ခုနစ်ထပ်တို့ကိုဖြတ်ကာ တံတားဆောက်လိုက်သည်။
ထိုတံတားကို ကားများဖြတ်သွားလျှင် အဆောက်အအုံတုန်ခါမှုမဖြစ်စေရန် အစိုးရက အထူးအကာအရံများ တပ်ထားလိုက်သည်။ ထိုအမိုးပါ တံတားသည် အဆောက်အအုံကြီးနှင့် ထိနေခြင်း အလျှင်းမရှိပေ။ ဗိသုကာပညာရှင်များက အဆောက်အအုံကို အသံလုံနံရံ တပ်ထားပေးလိုက်သဖြင့် အဆောက်အအုံအတွင်းမှလူများက ကားများ တဝှီးဝှီး ဖြတ်သွားသံကို မကြားရပေ။
Credit: Pyi Myanmar