တရုတ်တွင် အရောင်းအ၀ယ် နည်းလေ့ရှိသည့်ရာသီသို့ ၀င်ရောက်ခဲ့သဖြင့်
ယခုနှစ်ပထမ ၇ လတာအတွင်း တရုတ်နိုင်ငံတစ်ဝန်း အိမ်သစ်အရောင်းအ၀ယ်
စုစုပေါင်းပမာဏနှင့် ဧရိယာတို့သည် ပို၍နှေးကွေးစွာ မြင့်တက်ခဲ့သည်။
နိုင်ငံတစ်ဝန်း ယခုနှစ်ဇန်န၀ါရီမှ ဇူလိုင်အတွင်း အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ် ၅ ဒသမ ၇ ထရီလျံယွမ်ခန့် (အမေရိကန်ဒေါ်လာ၈၅၃ ဘီလျံ) ဖိုး ရောင်းချခဲ့ရကြောင်း၊ ယမန်နှစ် ထို ၇ လတာထက် ၁၅ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက သြဂုတ်၂၁ တွင် ထုတ်ပြန်ခဲ့သည်။
ဇူလိုင်မပါဘဲ ယခုနှစ် ပထမ ၆ လတာအတွင်း
ရောင်းအားသည် ယမန်နှစ် ၆ လတာကထက် ၁၇ ဒသမ ၉ ရာခိုင်နှုန်း
မြင့်တက်ခဲ့သည်ဖြစ်ရာ ၇ လတာမြင့်တက်နှုန်းက နှေးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ယင်း ၇ လတာအတွင်း ရောင်းချခဲ့ရသည့် အိမ်သစ်ဧရိယာသည် ယမန်နှစ် ၇ လကထက် ၁၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၇၄၈ ဒသမ ၇ သန်း စတုရန်းမီတာရှိခဲ့သည်။ သို့သော် ၎င်းသည်လည်း ပထမ ၆ လတာမြင့်တက်နှုန်း ၁၃ ဒသမ ၅ရာခိုင်နှုန်းအောက် လျော့ကျခဲ့သည်သာ ဖြစ်ကြောင်း ဗျူရိုအချက်အလက်များက ပြသခဲ့သည်။
"ဇူလိုင်က အိမ်ဝယ်လက်တွေ ပူပြင်းတဲ့ရာသီဥတုကြောင့် လှုပ်ရှားမှုနည်းလေ့ရှိတဲ့ကာလပါပဲ" ဟု ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai CentalineProperty Consultants Co ၏ သုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
"နောက်ပြီးတော့ developer (မြေယာဝယ်ယူအဆောက်အအုံဆောက်လုပ်
ရောင်းချရေးကုမ္ပဏီ) အများစုကလည်း နှစ်ဝက်ရလဒ်ပိုကောင်းဖို့အတွက် ဇွန်မှာ အရှိန်မြှင့်ခဲ့ကြတာကြောင့်လည်း အဲ့ဒီနှေးကွေးမှုဟာ ပုံမှန်ပဲဖြစ်တယ်" ဟုလည်းသူက ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com