ကမ္ဘောဒီးယားတွင် နိုင်ငံတကာလေဆိပ်သစ်ကြီးတစ်ခု
ယခုနှစ်ကုန်တွင် ဆောက်လုပ်ပေးရန် တရုတ်အစိုးရပိုင်
ယူနန်ရင်းနှီးမြှုပ်နှံမှု ဦးပိုင်လီမိတက်(YIHL)ကစီစဉ်လျက်ရှိကြောင်း
ကမ္ဘောဒီးယားအခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။
ဆောက်လုပ်ရေးလုပ်ငန်းစတင်ရန်ရက်အတိအကျသတ်မှတ်ရသေးခြင်း
မရှိသော်လည်း ၂၀၁၈ ခုနှစ်အတွင်းစတင်ဖွယ်ရှိသည်ဟု ယုံကြည်ကြောင်း ပြည်တွင်းလေကြောင်းအတွင်းဝန်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆင်န် ချန်စီရှေဗူသာက ပြောကြားသည်။
“ဆောက်လုပ်ရေးလုပ်ငန်းတွေ လာမယ့်နှစ်အစပိုင်းမှာ စတင်ဖွယ်ရာလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ လေဆိပ်ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် ယူနန်ကုမ္ပဏီကြား ဆွေးနွေးမှုတွေအပြီးသတ်နေပြီ ဖြစ်တာကြောင့်ပါ”
ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဗူသာ၏ အဆိုအရ လေဆိပ်ဆောက်လုပ်မှုကို ဆီယမ်ရိရှိ ဆွပ်နီကွမ်ခရိုင်တွင် ဟက်တာ ၇၅၀ ရှိ မြေအကျယ်အဝန်းပေါ်တွင် ဆောက်လုပ်သွား
မည်ဖြစ်ပြီး အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။
ပထမနှင့် ဒုတိယဆင့်များအတွက် ကန်ဒေါ်လာသန်း ၅၀၀ ခန့် သုံးစွဲသွားမည်ဖြစ်ပြီး အလယ်အလတ်အရွယ်အစားရှိ လေယာဉ်များ ဆင်းသက်နိုင်မည် ဖြစ်ကာ တတိယဆင့်အတွက်မူ ကန်ဒေါ်လာ
သန်း ၃၀၀ ခန့်ကုန်ကျမည်ဟု ဆိုသည်။
ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းအေးဂျင့်များအသင်းဥက္ကဌဖြစ်သူ ချဟေး ဆစ်ဗ်လင်းက ဆီယမ်ရိလေဆိပ်သစ်စီမံကိန်းကို ကြိုဆိုစကား ပြောကြားခဲ့သည်။“ဒီလေဆိပ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို အရင်ကထက်ပိုပြီး ဆွဲဆောင်လာနိုင်မှာ အသေအချာပါ။ ပြီးတော့
ကြီးမားတဲ့ လေယာဉ်ကြီးတွေ ဆင်းသက်နိုင်တော့မှာလည်း ဖြစ်ပါတယ်”
ဟု သူမကဆိုသည်။
“ဒီထက်ပိုပြီးအရေးကြီးတဲ့အချက်က လေဆိပ်သစ်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းနယ်ကလူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု ဆစ်ဗ်လင်းက ဆက်လက်ပြောကြားသည်။
YIHL သည်အဆိုပါလေဆိပ်ကို ကန်ဒေါ်လာ သန်း ၈၈၀ အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး ၅၅ နှစ်သက်တမ်း ဆောက်လုပ်၊ စီမံ၊ လွှဲပြောင်း (BOT) စနစ်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)