အိမ်ခြံမြေအငှားဈေးကွက်တွင် နှစ်စဉ်ဝါတွင်းကာလသို့ရောက်ရှိ
သည်နှင့်အေးစက်သွားလေ့ရှိသော်လည်း ယခုအခါ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် မြေနေရာငှားရမ်းသူများကြောင့် ပုံမှန်ငှားရမ်းနေရကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များထံမှစုံစမ်းသိရသည်။
အငှားဈေးကွက်တွင် ဝါတွင်းဖြစ်သည်နှင့်အညီ နေထိုင်လိုသူများ၏ ငှးရမ်းမှုမှာမူသိသာစွာဈေးကွက်လေးလံခဲ့သည်။""အငှားက ဝါတွင်းဆိုတော့ နည်းနည်းပါးတယ်။ငှက်တောင် အသိုက်မပြောင်းဘူး ၊ ဘာညာဆိုပြီး အယူတွေလည်းရှိတော့နေဖို့အတွက် ငှားရမ်းရတာမရှိသလောက်ဖြစ်သွားတယ်။""ဟု ဒဂုံလေးမြို့နယ် အိမ် ခြံ မြေ အကျိုးဆောင်တစ်ဦးမှပြောဆိုသည်။
ပြည်တွင်းနေထိုင်သူများအနေဖြင့် ဝါတွင်းကာလဟူသော ဓလေ့ကြောင့် အရွှေ့အပြောင်းမရှိကြသော်လည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေနေရာငှားရမ်းမှုများမှာမူ ပုံမှန်ပင်ရှိနေကြောင်းလည်း အိမ် ခြံ မြေအကျိုးဆောင်များမှ ပြောသည်။
""စီးပွားရေးလုပ်မယ့်သူတွေ ၊ ဆိုင်ဖွင့်မယ့်သူတွေကတော့ လာငှားကြတာပဲ။ဈေးနှုန်းကတော့ အငှားပိုင်းမှာ သိပ်ကျဆင်းတာမရှိဘူး။
အခု မြောက်ဒဂုံမှာဆိုရင် ပေလေးဆယ် ၊ ခြောက်ဆယ် လမ်းမတန်းနေရာတွေလာငှားကြတယ်။ငှားလည်းငှားရပါတယ်။ဈေးနှုန်း
ကတော့ တစ်လ ၂၅သိန်းလောက်ခေါ်ကြတယ်။တကယ်ဖြစ်တာကတော့ သိန်းနှစ်ဆယ်လောက်နဲ့ဖြစ်တာများတယ်။""ဟု ဒဂုံလေးမြို့နယ်အခြေစိုက် အကျိုးဆောင်တစ်ဦးမှ ပြောသည်။
ထို့ပြင် အငှားဈေးကွက်၌ ပြည်ပနိုင်ငံသားများအနေဖြင့် မြို့တွင်းထက်
မြို့ပြင် ဧရိယာများကိုပိုမိုမျက်စိကျရွေးချယ်လာကြကြောင်း၊ ထိုကဲ့သို့ဈေးကွက်ရွေ့လာခြင်းမှာ ယာဉ်ကြောကျပ်တည်းမှုနှင့် လူနေထူထပ်မှုများကြောင့်ဖြစ်ကာ အသင့်နေထိုင်နိုင်သည့် လုံးချင်းအိမ်များကိုသာငှားရမ်းရွေးချယ်နေထိုင်လာကြကြောင်းလည်း
သိရသည်။ထိုသို့ရွေးချယ်ငှားရမ်းရာ၌ ဆယ်သိန်းဝန်းကျင်နှင့်အထက် သုံးစွဲနေထိုင်ကြကြောင်းလည်းသိရသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com