ထိုင်းနိုင်ငံအတွင်း၊ ကမ္ဘောဒီးယားနယ်စပ်အနီးတွင် ကမ္ဘာပေါ်၌ အခြားမည်သည့်ဘုရားကျောင်း နှင့်မျှ မတူသော ဗုဒ္ဓဘာသာဘုရားကျောင်း တစ်ခုရှိလေသည်။
ကျောင်းဝန်းသည် ငြိမ်းချမ်းဆိတ်ငြိမ်လှရာ ဘုရားရှိခိုးသူများ၊ တရားထိုင်မည့်သူများအတွက် အလွန်အေးချမ်းလှသည့် နေရာကလေး ဖြစ်သည့်အပြင် မည်သည့်နေရာနှင့်မျှမတူသော ထူးခြားချက်တစ်ရပ်လည်း ရှိနေသည်။
ထူးခြားချက်ကား ဘီယာပုလင်းပေါင်း တစ်သန်းခွဲ အသုံးပြုကာ ဆောက်လုပ်ထားသည့် ဘုရားကျောင်းဖြစ်နေခြင်း ဖြစ်၏။
ဘုရားကျောင်းတည်ရှိသည့်နေရာကား ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆီဆာကက်ပြည်နယ်၊ ခွန်ဟန်မြို့ဖြစ်ပြီး ဘုရားကျောင်းအမည်မှာ 'ဝပ်ဖ မဟာစေတီတော်' ဖြစ်သည်။
ဘုရားကျောင်း၏ နံရံများ၊ အမိုးများ လသာဆောင် များကို ဘီယာပုလင်းများဖြင့် ပြုလုပ်ထားပုံကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။
ဘုရားကျောင်းကို 'ဝပ်လန်းကွတ်' ဟုလည်း ခေါ်ကြပြီး ပုလင်းတစ်သန်းဘုရားကျောင်းဟု အဓိပ္ပာယ်ရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က Heieneken ဘီယာကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီထုတ် ဘီယာပုလင်းများကို အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်ရန် ကြိုးပမ်းခဲ့ကြဖူးသော်လည်း အထမမြောက်ခဲ့ချေ။
ယင်းနောက်ပိုင်း ၁၉၈၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဆီဆာကက်ပြည်နယ်ရှိ ဘုန်းတော်ကြီးများသည် ဘီယာပုလင်း လွတ်များကို စတင်စုဆောင်းခဲ့ကြသည်။
ဘီယာပုလင်းများသည် သန့်စင်ရန် လွယ်ကူသည့်အပြင် အရောင်ထွက်နှင့် အလင်းပေးစနစ်အတွက်ကောင်းမွန်ကြောင်း ဘုန်းတော်ကြီးများက သတိပြုမိခဲ့ကြသည်ဟုဆိုသည်။
အဆောက်အအုံပေါင်း ၂၀ ခန့်ပါဝင်သည့် ဘုရား ကျောင်းဝန်းတည်ဆောက်ရန်အတွက် Heineken နှင့် Chang ဘီယာပုလင်းခွံပေါင်း ၁ ဒသမ ၅ သန်းကျော် စုဆောင်းခဲ့ရ၏။
အခြားအသုံးပြုသည့်အရာမှာ ဘိလပ်မြေဖြစ်သော် လည်း ဘီယာပုလင်းများကို အုတ်အစားထိုးအသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အကွက်ဖော်အလှဆင်မှုများကိုလည်း ဘီယာပုလင်းများဖြင့်သာ ပြုလုပ်ခဲ့သည်။
ယခုအချိန်တွင်လည်း ဘုန်းတော်ကြီးများသည် အခြားသာသနိက အဆောက်အအုံများ ထပ်မံဆောက်လုပ်ရန်အတွက် ဘီယာပုလင်းခွံများ ဆက်လက်စုဆောင်းလျက်ရှိသည်ဟု ဆိုသည်။
Credit: အိအိအေးအောင်မှမ iMyanmarHouse.com Property Website အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။