ခရီးသွားဒေသများရှိ ဒေသခံများ၏ နေအိမ်တွင် နိုင်ငံခြားသားများ ခေတ္တငှားရမ်းသည့် နေထိုင်သည့် (Home Stay) နေထိုင်မှုကို မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် ပြောင်းလဲကာ ခွင့်ပြုရန် ဌာနတွင်း ညှိနှိုင်းဆွေးနွေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားသည်။
“Home Stay က လက်ရှိဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ တည်းခိုမှုပုံစံထဲမှာ မပါသေးဘူး။ ဒါကြောင့် ဝန်ကြီးဌာနက ခွင့်ပြုမယ့်ပုံစံက အခု CTB ဒေသတွေမှာ ခြံဝင်းတစ်ခုတည်းမှာ ကိုယ့်အိမ်မဟုတ်ဘဲ နောက်ထပ်အဆောက်အအုံ (အိမ်) ထဲမှာ နိုင်ငံခြားသားတွေ တည်းခိုနေထိုင်တာကိုတော့ ခွင့်ပြုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ Home Stay ကို တခြားပုံစံနဲ့ ခွင့်ပြုမယ့်သဘောပါ” ဟု ၎င်းက ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက (Home Stay) နေထိုင်မှုများကို ယခင်က ခွင့်ပြုခဲ့ခြင်း မရှိသော်လည်း မြန်မာ့ဓလေ့နှင့် ကိုက်ညီသည့်ပုံစံဖြင့် ခွင့်ပြုရန် လက်ရှိတွင် ဌာနတွင်း ညှိနှိုင်းနေကြောင်းနှင့် ခွင့်ပြုပြီးသွားပါက လိုအပ်သည့် ညွန်ကြားချက်များ ထုတ်ပြန်ကာ ထိန်းညှိဆောင်ရွက်မည် ဖြစ်ကြောင်း ဦးတင့်သွင်က ရှင်းပြသည်။
အချို့သော တိုင်းရင်းသားဒေသခံ နေအိမ်များတွင် နိုင်ငံခြားသားများ ငှားရမ်းနေထိုင်သည့် (Home Stay) နေထိုင်မှုများတွင် နိုင်ငံခြားသားများ အနေနှင့် ညအိပ်တည်းခိုရန်နှင့် သန့်စင်ခန်းကိုသာ အသုံးပြုခွင့်ပေးသည့် ဝန်ဆောင်မှုတစ်မျိုး ဖြစ်ပြီး တည်းခိုနေထိုင်မှုများအတွက် ဝန်ဆောင်ခအဖြစ် ဒေသအလိုက် ရန်ပုံငွေကို ထည့်ဝင်ရကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
“တည်းခိုခန်း မရှိတဲ့နေရာတို့၊ တည်းခိုခန်း ရှိပေမယ့် မလုံလောက်တဲ့ နေရာဆို Home Stay က လုပ်သင့်ပါတယ်။ တမင်သက်သက် သီးခြားပုံစံကြီး လုပ်ရင်တော့ မကောင်းပါဘူး။ နေထိုင်မှုပုံစံနဲ့ ယဉ်ကျေးမှုချင်း မတူတော့ ထိန်းညှိပြီး ခွင့်ပြုမှ အဆင်ပြေမှာပါ” ဟု wazo ခရီးသွားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အာဆီယံနိုင်ငံများ၌ နေအိမ်တွင် ခရီးသည် တည်းခိုနိုင်မှု Home Stay ကို တရားဝင် ခွင့်ပြုထားပြီး စည်းကမ်းများ သတ်မှတ်ပြဋ္ဌာန်းမှုများကြောင့် အောင်မြင်မှုများ ရှိနေပြီး နိုင်ငံခြားဧည့်သည်များ အနေနှင့် တည်းခိုစရိတ် သက်သာခြင်းကြောင့် Home Stay နေထိုင်မှုများကို ရွေးချယ်တည်းခိုကြခြင်း ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
Credit: The Voice