လွန်ခဲ့သည့် ရက်အနည်းငယ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာ ရယူနိုင်ခဲ့သူ Amazon.com တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်သည် အိမ်နီးချင်းနေအိမ်ကို ထပ်မံဝယ်ယူလိုက်ကြောင်း ဟောလိဝုဒ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျက်ဖ်ဘီဇော့စ်ဝယ်ယူလိုက်သည့်နေအိမ်မှာ ဘီဗာလီဟေးလ်တွင် တည်ရှိပြီး ဧကဝက်ကျယ်ဝန်းကာ ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။
သူ၏မူလနေအိမ်မှာ စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂၄ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယခုအခါ ကပ်လျက်နေအိမ်ကို ဆက်လက်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူလိုက်သောနေအိမ်သစ်တွင် အဆိုပါကပ်လျက်နေအိမ်သည် အရောင်းဈေးကွက်သို့ တရားဝင်ရောက်ရှိလာခဲ့ဖူးခြင်းမရှိဟုလည်း ဆိုသည်။
အသေးစိတ်အချက်အလက်များကို မသိရှိရသော်လည်း အကောက်ခွန်မှတ်တမ်းများအရ ၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်ပြီး ကြမ်းခင်းဧရိယာ ၄၅၈၆ စတုရန်းပေ အကျယ်အဝန်းရှိကာ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်းနှင့် မီးလင်းဖို ၂ ခု ပါဝင်သည်ဟု ဆိုသည်။
နေအိမ်မှာ တစ်ထပ်နေအိမ်ဖြစ်ပြီး ခြံဝန်းအတွင်း သစ်ကြီးဝါးကြီးများဖြင့် အုပ်ဆိုင်းနေပြီး အိမ်နောက်ဘက်တွင် ရေကူးကန်တစ်ခုရှိသည်။
ယခုဝယ်ယူလိုက်သည့်ခြံဝန်းနှင့်ပေါင်းလျှင် နှစ်ခြံပေါင်းအကျယ်အဝန်းမှာ ၂ ဒသမ ၅ ဧကခန့်ရှိလာသည်။
မစ္စတာဘီဇော့စ်သည် အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး Amazon.com ကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ရှယ်ယာအစုပေါင်း ၈၁ သန်းခန့် ပိုင်ဆိုင်ထားသည်။
ဂျက်ဖ် ဘီဇော့စ်သည် The Washington Post သတင်းစာကြီး၏ ပိုင်ရှင်လည်းဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က ကြွယ်ဝမှု ကန်ဒေါ်လာ ၉၀ ဒသမ ၇ ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို ဘီလ်ဂိတ်အားဖြတ်ကျော် ရယူနိုင်ခဲ့သည်။
သို့ရာတွင် ရက်အနည်းငယ်အကြာတွင် အမေဇုန်၏ ရှယ်ယာဈေးများကျဆင်းမှုကြောင့် ဒုတိယနေရာသို့ ပြန်လည်ကျဆင်းသွားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)