၂၀၄၀ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးရဲ့ လူဦရေ သန်း ၇၀ လောက်ဖြစ်လာမှာ ဖြစ်လို့ အိမ်ရာလိုအပ်ချက်က ၄ ဒသမ ၈ သန်းရှိမယ်လို့ ခန့်မှန်းကြပါတယ် ၊ ရန်ကုန်တစ်ခုတည်းတင် အိမ်ရာလိုအပ်ချက်က ယူနစ်က ၁ ဒသမ ၀၇ သန်းရှိမယ်လို့လည်း ခန့်မှန်းပြောဆိုထားကြပါတယ် ။
အိမ်ရာဈေးနှုန်းတွေ ကျပြီး အရောင်းအ၀ယ် မကောင်းတဲ့ အချိန် ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အကြွေးပတ်လည် ၀ိုင်းနေတဲ့ အချိန်မှာ ဒီလိုတွက်ချက်မှု ထွတ်ပေါ်လာတာဟာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဆောက်လုပ်ရေးလောက နဲ့ဆက်နွယ်နေတဲ့ လူတွေ အားလုံးအတွက် မျှော်လင့်ချက် တစ်ခုဖြစ်စေသလို အနာဂတ် မြန်မာအိမ်ခြံ မြေ ဈေးကွက် အတွက်လည်း ရေရှည်မှာ အလားအလာကောင်းတယ်ဆိုတဲ့ ခေါင်းလောင်းသံဖြစ်ပါတယ် ။
အခုလောလောဆယ် ဈေးကွက်ထဲမှာ တိုက်ခန်းအိမ်ရာတွေ နေရာ အနှံ့မှာ ရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ကို တွေ့ရတဲ့ အတွက် တကယ်ဘဲ ဈေးကွက်သဘောတရား အရ ပိုလျှံပြီး ဆောက်ထားဝယ်ထားမိလားလို့ ပြန်ကြည့်လိုက်ရင်လည်း အိုးပိုင်အိမ်ပိုင် မရှိတဲ့ လူက ရန်ကုန်မြို့ပေါ်မှာတင် ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ် ။
မြို့စွန်ရပ်ကွက်တွေ ၊ စက်မှုဇုန်တွေမှာဆိုရင် တိုက်ခန်းတစ်ခန်းတည်း မိသားစု သုံးစု လောက်စုဌားနေရတာတွေ ၊ ကျုးကျော်နေထိုင်သူတွေက လက်ညိုးထိုးမလွဲဖြစ်ပါတယ် ။ ရောင်းလိုအားလည်း ရှိတယ် အိမ်မရှိတဲ့ လူတွေလည်း အများကြီး ရှိနေတော့ တစ်ခုခုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စဉ်းစား ရမှာဖြစ်ပါတယ် ၊ ဈေးကွက်သဘောအရ လိုအပ်ချက်နဲ့ ထောက်ပံ့နိုင်မှု အချိုးအဆ အရ ကုန်ပစ္စည်းရှားရင် ဈေးတက်မယ် ဆိုပေမယ့် အခုက ကုန်ပစ္စည်းလည်း ပေါသလို ၀ယ်မယ့်လူတွေ ကလည်း အဆင့်သင့်ရှိတယ် ၊ ဒါပေမယ့် အရောင်းအ၀ယ် မဖြစ်ဘူး ဆိုတော့ အဖြေကတော့ ရှာချိန် တန်ပါပြီ ။
ကောင်းမွန်မျှတတဲ့ မူဝါဒ ၊ အဆင်ပြေချောမွေ့ပြီး ရောင်းသူဝယ်သူ အဆင်ပြေစေမယ့် ခိုင်မာတဲ့ ဥပဒေ ၊နည်းဥပဒေ တွေ ၊ ဘဏ်တွေ အသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍ အချိတ်အဆက်မိမိ လုပ်ပေးဖို့ အချိန်တန်ပါပြီ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အချိန်တောင် လွန်နေပါပြီ ၊ ဈေးကွက်ကို အတိုင်းအတာ တစ်ခုအထိ ဆွဲတင်ကျားကန်နိုင်မယ့် ကွန်ဒို ဥပဒေ ကလည်း တစ်နှစ်ကျော် အိပ်ပျော်နေရာကနေ အခုဆို အလုပ်ဖြစ်မယ့် နည်းဥပဒေ ထွတ်တော့မယ်လို့ ကြားနေရပါပြီ ။
အိမ်ဝယ်တယ် ဆိုတာ လက်ငင်းဘဲဝယ်ဝယ် ၊ အကြွေးနဲ့ဘဲ ၀ယ်ဝယ် ဘ၀နဲ့ ချီပြီး ရင်းနှီးမြုပ်နှံထားရတာ ဖြစ်လို့ လူတိုင်းက ခိုင်မာမှု ရှိတဲ့ စာရွက်စာတမ်း ၊ ခိုင်မာမှု ရှိတဲ့ ဥပဒေ အကာအကွယ်အောက်ကဘဲ အလုပ်လုပ်ချင်တာဖြစ်ပါတယ် ။ ဒါကြောင့်လည်း ခိုင်မာတဲ့ ဥပဒေ တွေ အမြန်ဆုံးထွတ်ပေါ်အောင် လုပ်ပေးရမှာဖြစ်ပါတယ် ။
အိမ်မရှိတဲ့ လူတွေ အတွက် အိမ်ပိုင်နိုင်အောင် အဆင့်လိုက် လုပ်ဆောင်ပေးဖို့ လိုပါတယ် ။ ဘယ်လိုလူတန်းစားကို target ထားပြီး ပထမအဆင့် အနေနဲ့ မြုင့်ပေးမလဲ ဆိုတာ စဉ်းစားဖို့လိုပါတယ် ၊ တိုက်တွေကို ငွေကြေးအများကြီး ရင်းနှီးမြုပ်နှံပြီး အလကား လာတက်နေဆိုတဲ့ စနစ်က လက်တွေ့မကျပါဘူး ၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူး ။ချမ်းသာတဲ့ နိုင်ငံကြီးတွေတောင် လုပ်နိုင်စွမ်းမရှိကြပါဘူး ၊ အိမ်ခြံမြေ တိုက်ခန်းကွန်ဒို ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှု ဖြစ်လို့ အစိုးရဘဲဖြစ်ဖြစ် ပုဂ္ဂလိက ဘဲဖြစ်ဖြစ်လုပ်တယ်ဆိုရင် ဘယ်လို ငွေပြန်ထွတ်အောင် လုပ်မလဲ ဆိုတာ အရေးကြိးပါတယ် ။
ဈေးကွက်ထဲမှာ ပြန်ကြည့်လိုက်ရင် ကျပ်သိန်း တစ်ရာနဲ့ ကျပ်သိန်း နှစ်ရာ အကြားက တိုက်ခန်းပေါင်း သောင်းနဲ့ ချီ ရောင်းဖို့ ကျန်ရှိနေပါသေးတယ် ၊ ဒီတိုက်ခန်းပိုင်ရှင်တွေက ပုဂ္ဂလိက ကန်ထရိုက်တွေ မြေရှင်တွေ အများကြီးပိုင်ဆိုင်ထားကြပြီး သူတို့လည်း အရောင်းအ၀ယ် မဖြစ်လို့ ငုတ်တုတ်မေ့နေတာဖြစ်ပါတယ် ။ အိမ်ခြံမြေ ကျွမ်းကျင်သူ တစ်ဦးကတော့ ရောင်းချင်တဲ့ တိုက်ခန်းတွေ ၊ မြေကွက်တွေကို ဘဏ်တွေမှာ မှတ်ပုံတင်ပြီး တကယ်ဝယ်ချင်တဲ့ လူတွေကို ဘဏ်က တဆင့် အရစ်ကျ ရောင်းပေးတဲံ စနစ်ကို တွင်တွင်ကျယ်ကျယ် လုပ်ဖို့လိုပါတယ် ၊ အခုတောင် ဘဏ်တစ်ချို့က ဒီစနစ်ကို ကျင့်သုံးနေပြီဖြစ်ပေမယ့်လည်း ဈေးကွက် တစ်ခုလုံး အတွက် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာပေးဖို့လိုပါတယ် ။
ဒါဆိုရင် ရောင်းမထွတ်တဲ့ တိုက်ခန်းတွေ ၊ မြေကွက်တွေ တော်တော်များများကို ဘဏ်ဘက်က ငွေစိုက်ထုတ် ၀ယ်ပေးလိုက်တဲ့ အတွက် ကန်ထရိုက်တာတွေ မြေရှင်တွေ မြုပ်ထားတဲ့ ငွေပြန်ရလာမှာဖြစ်သလို ဘဏ်တွေဘက်ကလည်း ဘဏ်တိုးတွေ ရမှာဖြစ်ပါတယ် ၊ အခန်းဝယ်တဲ့ ၀န်ထမ်းမိသားစုတွေ အတွက်လည်း တစ်လုံးတစ်ခဲတည်း ပေးစရာမလိုတော့တဲ့ အတွက် သုံးဦးသုံးဖလှယ် အားသာချက် ရှိပါတယ် ။ ဒါပေမယ့် လက်တွေ့ အလုပ်မလုပ်နိုင်သေးတာကတော့ ရောင်းမယ့် တိုက်ခန်းမြေပိုင်ရှင်တွေနဲ့ ဘဏ်တွအကြားမှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှု စနစ် ယနေ့ အချိန်အထိ မတွေ့မြင်ရသေးတာဖြစ်ပါတယ် ။ ကွန်ဒိုကြီး အချို့နဲ့ လက်ချိုးရေလို့ ရတဲ့ တိုက်ခန်းဆောက် ကုမ္မဏီ အနည်းငယ်ကဘဲ ချိတ်ဆက်မှု လုပ်နိုင်တာဖြစ်ပါတယ် ။
ပုံမှန်ဝင်ငွေရှိတဲ့ လခစား ၀န်ထမ်းတွေ အတွက် သိန်းရာနဲ့ချီတန်တဲ့ တိုက်ခန်းတစ်ခန်းကို အခုခေတ်လို ငွေရှားတဲ့ အချိန်မှာ ၀ယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ၊ နိုင်ငံဝန်ထမ်းတွေ အပြင် ပုဂ္ဂလိက ၀န်ထမ်းအချို့ကို အရစ်ကျ နဲ့ ၀ယ်လို့ ရတယ်ဆိုတာ တွင်တွင်ကျယ်ကျယ် ကြော်ငြာပေးမယ်ဆိုရင် တိုက်ခန်းတွေ တော်တော်များများ ရောင်းထွတ်သွားမှာဖြစ်ပါတယ် ၊ ဒါပေမယ့် ကြားထဲက ငွေစိုက်ထုတ် ၀ယ်ပေးရမယ့် ဘဏ်အတွက်လည်း Risk အများကြီးတော့ ယူရမယ့် အခြေအနေကို ကျော်ဖြတ်ရမှာဖြစ်ပါတယ် ။ ဘဏ်တွေဘက်ကလည်း ငွေကြေးအင်အားတောင့်တင်းဖို့ အရေးကြီးပါတယ် ။
အိမ်ဝယ်ချင်တဲ့ ၀န်ထမ်းရဲ့ အလုပ်ခိုင်မာမှု ၊ လစဉ်ပေးသွင်းနိုင်တဲ့ ငွေကြေးအခြေအနေ နဲ့ နှစ်ရှည်ပေးသွင်းနိုင်တဲ့ နှစ်အပိုင်းအခြားကလည်း HP ဈေးကွက် ထွန်းကားရှင်သန်တည်မြဲဖို့ အရေးကြီးပါတယ် ၊ အခု hp စနစ်နဲ့ဘဏ်တွေဘက်က၀ယ်ပေးနေပါတယ် ဆိုပေမယ့်လည်း ပေးရတဲ့ အတိုးနှုန်း ၊ ပြန်လည်ပေးဆပ်ရတဲ့ အချိန်ကာလ တိုးတောင်းတာကြောင့် ၀န်ထမ်းတော်တော်များများ အတွက် ၀န်ထုတ်ဝန်ပိုးပိဖြစ်လာမလားဆိုတဲ့ စိုးရိမ်သောက တွေကြောင့် ထင်သလောက် အလုပ်မဖြစ်သေးတာ တွေ့နေရပါတယ် ။ လစာဆယ်သိန်းအထက် ရှိတဲ့ ၀န်ထမ်းအချို့လောက်ဘဲ ၀ယ်နိုင်တဲ့ အခြေအနေ တစ်ခုကို ပြောင်းပြန်လှန်ပြစ်ရမှာဖြစ်ပါတယ် ။
အလုပ်ဖြစ်အောင် လို့ ရေရှည်ငွေထုတ်ချေးတဲ့ စနစ် ၊ အိမ်ရာ ၀ယ်ယူတဲ့ လူတွေအတွက် အခွန်သက်သာခွင့် ၊ သင့်တင့်မျှတတဲ့ အတိုးနှုန်း ကို ပြန်လည်ချိန်ညှိပေးဖို့လိုပါတယ် ၊ ဒါတွေက နိုင်ငံတော်ရဲ့ Policy ဖြစ်လို့ အစိုးရကသာ လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ် ။
ရေရှည်ငွေထုတ်းချေးမှုကို နှစ် ၃၀ မချေးနိုင်ရင်တောင် အနည်းဆုံး ၁၅ နှစ်လောက်ထုတ်ချေးပေးမယ် ၊ အခုယူနေတဲ့ တစ်နှစ် ၁၂ ရာခိုင်နှုန်း အတိုးနှုန်းကို ၃ သို့မဟုတ် ၄ ရာခိုင်နှုန်းလောက်အထိ ချပေးမယ် ဆိုရင် ဈေးကွက်က ပြန်မကောင်းလာနိုင်စရာ မရှိပါဘူး ၊ ဒါတွေက နိုင်ငံတော် အတွက်ချိန်ညှိရမယ့် လုပ်ငန်းစဉ်တွေ ဘဲဖြစ်ပါတယ် ။
ဈေးကွက်ထဲက ရောင်းချင်တဲ့ ပုဂ္ဂလိက တိုက်ခန်းတော်တော်များများက နိုင်ငံတော်က ဆောက်နေတဲ့ တန်ဖိုးနည်း တိုက်ခန်းတွေထက် အားသာချက်ကတော့ လူနေထူထပ်တဲ့ ရပ်ကွက်တွေထဲမှာ ရှိတဲ့ အချက်ဖြစ်ပါတယ် ၊ ဆောက်ပြီးသားတွေဖြစ်လို့ နည်းနည်းလေး အချိတ်အဆက် မိလိုက်တာ နဲ့ မိသားစုတွေ အဆင်သင့် တက်နေရုံ အနေအထားမှာ ရှိပါတယ် ၊ ဝေးလံခေါင်ဖျားပြီး ကွင်းခေါင်ခေါင်မှာ ဆောက်ထားကြတာ မဟုတ်တဲ့ အတွက် ကျောင်းဆေးရုံ ဈေးကလည်းအနီးအနားမှာ ရှိတာများတဲ့ အတွက် နေမယ့် လူတွေအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။
အိမ်ရာပိုင်ဆိုင်မှု မရှိတဲ့ အောက်ခြေ အလွှာပေါင်းစုံက လူတွေကို တစ်ပြိုင်နက်ထဲ ကျုးကျော်တဲပေါ်ကနေ တိုက်ခန်းပေါ် တင်တဲ့ အခြေအနေ က တိုင်းပြည် ချမ်းသာနေရင် ပြသနာမရှိပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံ အတွက်ကတော့ ဖြစ်နိုင်ခြေ နည်းပါးပါတယ် ၊ ဖြစ်သင့်တာကတော့ ၀င်ငွေလည်း အသင့်အတင့်ရှိမယ် ၊ ခိုင်မာမှုလည်း ရှိမယ် ဆိုတဲ့ နိုင်ငံဝန်ထမ်း ၊ ကုမ္မဏီက အာမခံတဲ့ ပုဂ္ဂလိက ၀န်ထမ်းအလွှာကို အရင်ဆုံး တိုက်ပေါ်ကိုဆွဲတင်လိုက်ဖို့ လိုပါတယ် ၊ ပြီးမှသာ ကျန်တဲ့ အလွှာတွေကို နိုင်ငံချမ်းသာလာတာနဲ့ အမျှ တစ်ဖြည်းဖြည်း ဆွဲတင်ရမှာဖြစ်ပါတယ် ။
အိမ်ခြံမြေ တိုက်ခန်း ကွန်ဒို ဈေးကွက်ဆိုတာ ငွေလည်ပတ်ဖို့ လိုပါတယ် ၊ အခုလို ငွေရှားပြီး အရောင်းအ၀ယ် မကောင်းတဲ့အချိန်မှာ ရောင်းမထွတ်တဲ့ တိုက်ခန်းတွေကို ပိုက်ပြီး စိတ်ညစ်နေတဲ့ လူတွေ အများကြီး ရှိလာသလို ၊ တိုက်ခန်းရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ဖတ်ပြီး ဈေးနှုန်းနည်းနာ နောက်ကြောင်းပြန်လိုက်ရတဲ့ ၀န်ထမ်းတွေကလည်း အများကြီး ရှိကြပါတယ် ၊ ရောင်းချင်တဲ့ လူနဲ့ ၀ယ်ချင်တဲ့ လူအကြားချိတ်ဆက်ပေးလိုက်ရင် ဘဏ်တွေမှာ အိပ်နေတဲ့ ငွေတွေလည်း ဈေးကွက်ထဲကို ပြန်လည်ပတ်သွားမှာ ဖြစ်တဲ့ အပြင် ဘဏ်အတွက်လည်း အတိုးရ ၊ ဆောက်လုပ်ရေးသမားတွေလည်း ငွေပြန်ပေါ် ၊ အိမ်ယာ ပိုင်ဆိုင်ချင်တဲ့ ၀န်ထမ်းတွေ အတွက်လည်း လစဉ်သွင်းငွေ (လုပ်ချင်ကိုင်ချင်တဲ့ စိတ် ၊ စေတနာ ၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု နဲ့ ချိတ်ဆက်မိတဲ့ လုပ်ထုံးလုပ်နည်း ၊ ဥပဒေ နည်းဥပဒေ တွေကသာ ကျွန်တော်တို့ရဲ့ ကျဆင်းနေတဲ့ အိမ်ခြံမြေ ဈေးကွက်ကို အမြန်ဆုံး ပြန်လည်ဆွဲတင်နိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com