သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်၊ ဆစ်ဒနီမြို့လယ် စီးပွားရေးအချက်အခြာဒေသတစ်ခုဖြစ်သည့် Martin Place တွင် အိမ်ယာမဲ့တို့၏ ယာယီတဲများစွာ စုဝေးလျက်ရှိရာ ယခုအခါအဆိုပါတဲများကို ဖျက်သိမ်းကာ အခြားနေရာတွင် နေရာချထားပေး သွားမည်ဖြစ်ကြောင်း ဆစ်ဒနီမြို့တော်ဝန် ကလိုဗာမိုးရ်က ထုတ်ဖော်ကြေညာလိုက်သည်ဟု အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ယခုယာယီတဲများမှာ မိုးမျှော်တိုက်များဘေး လမ်းမများပေါ်တွင် အခြေချနေကြခြင်းဖြစ်ရာ လုံခြုံသည့်နေရာသစ်များသို့ ရွှေ့ပြောင်းပေးသွားရန် စီစဉ်ထားကြောင်းလည်း ကလိုဗာမိုးရ်၏ ကြေညာချက်တွင် ပါဝင်သည်။
သို့ရာတွင် မြို့တော်ကောင်စီသည် မည်သူ့ကိုမျှ အတင်းအကျပ်ရွှေ့ပြောင်းစေရန် မလိုလားရာ အဆိုပါစီမံကိန်းမှာ Martin Placeတွင်စုဝေးစခန်းချနေသူတို့၏သဘောတူညီချက်လိုအပ်လျက်
ရှိနေသေးသည်။
အိမ်ယာမဲ့တို့၏ ခေါင်းဆောင် လန့်ဇ် ပရစ်တ်လေက ပြောကြားရာတွင် မိမိတို့အနေဖြင့် ရွှေ့ပြောင်းပေးလိုသည့် ဆန္ဒရှိကြောင်း၊ သို့ရာတွင် ခိုင်မာသည့်အဖြေတစ်ခုမရမချင်းရွှေ့ပြောင်းပေးလိမ့်မည်မဟုတ်ကြောင်းလည်း ပြောကြားသည်။
အကယ်၍ အင်အားသုံးရွှေ့ပြောင်းမှုများပြုလုပ်ပါက နယူးဆောက်ဝေးပြည်နယ် ဝန်ကြီးချုပ်ဘီရီဂျစ်လီယန်အတွက်နိုင်ငံရေးအလားအလာကောင်းမည်
မဟုတ်ကြောင်းလည်း ပရစ်တ်လေက ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်လည်း မျှော်လင့်ထားသည်ဟု ဆိုသည်။
ယင်းကာလအတွင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဆစ်ဒနီမြို့တော်ဝန်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခဲ့သည်။
ရေရှည်အတွက် အဖြေတစ်ခုခုထုတ်နိုင်ရေးအတွက် ကူညီပါရန်လည်း မြို့တော်ဝန်က ဝန်ကြီးချုပ်ကို တောင်းဆိုထားသည်။
“တကယ်လို့ အမြဲတမ်းနေဖို့အတွက် ဆောက်လုပ်နေချိန်မှာ ဆစ်ဒနီမြို့လယ်မှာ ခေတ္တနေဖို့ နေရာတစ်ခုပေးထားမယ်ဆိုရင် ယာယီတဲတွေ ဖျက်ပေးမယ်လို့ မစ္စတာ ပရစ်တ်လေက သဘောတူထားပါတယ်” ဟု ဆစ်ဒနီမြို့တော်ဝန်က သူ၏တွစ်တာ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
နယူးဆောက်ဝေးပြည်နယ်အစိုးရသည် ယာယီတဲများကို ဖယ်ရှားရန်အတွက် အာဏာသုံးရန် မလိုလားသည့်သဘောဆန္ဒရှိသည်။
အိမ်ယာမဲ့များ၏ ယာယီတဲများ စုဝေးသည့်နေရာမှာ ဆစ်ဒနီရှိ သြစတေးလျ အရန်ငွေဘဏ်ရှေ့တွင် ဖြစ်သည်။
သြစတေးလျဝန်ကြီးချုပ်ဟောင်း တိုနီအက်ဘော့က ပြောကြားရာတွင်မူ “အိမ်ယာမဲ့ အစစ်အမှန်ဆိုရင် တကယ်ရယူနိုင်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေရှိပါတယ်၊ သွားစရာနေရာတွေရှိပါတယ်” ဟု ဆိုသည်။
“ဒါက နိုင်ငံရေးအရ ဆန္ဒပြမှုမျိုးပဲ၊ အစိုးရတစ်ရပ်က ဒါမျိုးကို ခွင့်ပြုထားမယ်ဆိုရင် တခြားပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အိမ်ယာမဲ့တို့သည် မြို့လယ်လမ်းများပေါ်တွင် အိပ်စက်နေကြသည်မှာ မိမိအဖို့ စိတ်မသက်မသာဖြစ်ရကြောင်း မစ္စက် ဘီရီဂျစ်လီယန်က ပြောကြားသည်။
လက်ရှိအချိန်တွင် ယာယီတဲများဖြင့် စခန်းချနေသည့် အိမ်ယာမဲ့ပေါင်း ၄၀၀ ကျော်ရှိနေသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)