ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင် ဒါရိုက်တာ မဲလ်ဂစ်ဘ်ဆင်သည် ကော်စတာရီကာ နိုင်ငံရှိ ၎င်းပိုင်တောအုပ်ခြံဝန်းကျယ်ကြီးတစ်ခုကို ကန်ဒေါ်လာ ၂၉ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မဲလ်ဂစ်ဘ်ဆင်သည် ယခုခြံဝန်းကြီးကို အရောင်းဈေးကွက်သို့ ပြန်လည်တင်သွင်းလာခြင်းဖြစ်ပြီး အရောင်းဈေးကွက်တင်သွင်းထားသည့် ၎င်းပိုင် နေအိမ်ခြံဝန်းများစွာအနက်တစ်ခုလည်း ဖြစ်သည်။
ယင်းသို့ ဈေးကွက်တင်ထားသည့် နေအိမ်များစွာတွင် တန်ဖိုးအကြီးမားဆုံးလည်း ဖြစ်သည်။
တောအုပ်ကြီး၏ အကျယ်အဝန်းမှာ ၄၀၃ ဧကခန့်အထိ အကျယ်အဝန်းရှိပြီး တောအုပ်တွင်းရှိ တောင်ကုန်းတစ်ခုထိပ်တွင် နေအိမ်အဆောက်အအုံ ၃ လုံးပါဝင်ကာ ပစိဖိတ်သမုဒ္ဒရာကို စီးမိုးတွေ့မြင်နေရသည့်အပြင် ကမ်းခြေသို့ ခေတ္တလမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်သည်။
မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်သော ပိုင်နက်တွင် ပင်လယ်ကမ်းခြေအလျား ၂ မိုင်ခန့်အထိ ပါဝင်သည်။၂၀၀၆ ခုနှစ်တွင် ရုံတင်ပြသခဲ့သော Apocalypto ဇာတ်ကားရိုက်ကူးရန်အတွက် ရိုက်ကွင်းနေရာ ရှာဖွေရင်း ယခုတောအုပ်နေရာကို တွေ့ရှိကာ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
တောင်ကုန်းပေါ်ရှိ နေအိမ်တိုင်းတွင် ပစ္စည်းကိရိယာအစုံအလင်တပ်ဆင်ထားသည့် မီးဖိုဆောင်တစ်ခု၊ အိပ်ခန်းအများအပြား ပါဝင်ပြီး ပင်မနေအိမ်တွင် ရေကန်တစ်ခု ပါဝင်သည်။
မဲလ်ဂစ်ဘ်ဆင်သည် အဆိုပါတောအုပ်ခြံဝန်းကြီးကို ၂၀၁၄ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂၉ ဒသမ ၈ သန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၃၅ သန်းတို့ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ချေ။
ယခုအခါတွင် ၂၀၁၄ ခုနှစ်က ဈေးကွက်တင်ခဲ့သော ဈေးနှုန်းမှ ကန်ဒေါ်လာ ၅ သိန်းလျှော့ချကာ ၂၉ ဒသမ ၇၅ သန်းဖြင့် ပြန်လည်ဈေးကွက်တင်လာခြင်း ဖြစ်သည်။နေအိမ်သုံးလုံးအနက် အကြီးဆုံးနေအိမ်ကို Casa Guanacaste ဟု အမည်ပေးထားပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။
နေအိမ်သေးနှစ်လုံးတွင်မူ အိပ်ခန်း ၂ ခန်းစီ ပါဝင်သည်။
သူ၏ တောအုပ်ပိုင်နက် ပင်လယ်ကမ်းခြေတွင် ပင်လယ်လိပ်များသည် မျိုးဥကျချိန်ရောက်လျှင် မိုင်ထောင်ချီသည့် သမုဒ္ဒရာကို ဖြတ်သန်းကာ ဥလာချလေ့ရှိသည်ဟု ဆိုသည်။
ယခုခြံဝန်းကြီးအပြင် အရောင်းဈေးကွက်တင်ထားသည့် သူပိုင်အခြားနေအိမ်များစွာလည်းရှိရာ လွန်ခဲ့သော လအတွင်းက မာလီဘူးရှိ နေအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားပြီး ဂရင်းဝစ်ရွာရှိ နေအိမ်ကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဈေးကွက်တင်ထားခြင်းများလည်း အပါအဝင် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)