အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ လောင်းအိုင်းလန်းအရပ်တွင် ၈ ဒသမ ၂ ဧက ကျယ်ဝန်းသည့် ခြံဝန်းကြီးတစ်ခုရှိပြီး လင်ဒန်မီယာစံအိမ်ဟု လူသိများသည့် စံအိမ်ကြီးတစ်ခုရှိလေသည်။
လင်ဒန်မီယာစံအိမ်ကြီးကို ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန်မားကို့စ်နှင့် ဇနီးဖြစ်သူ အီမယ်လ်ဒါတို့ ပိုင်ဆိုင်ခဲ့ကြဖူးပြီး ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၉၉ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
လောင်းအိုင်းလန်းအရပ်၊ ဆက်ဒ်ဂျီမီယာလမ်း၊ အမှတ် ၁၆ တွင်တည်ရှိပြီး အိပ်ခန်း ၁၄ ခန်းနှင့် ရေချိုးခန်း ၁၇ ခန်း အထိပါဝင်သည်။
ခြံတွင်းရှိ ရေကန်နံဘေးတွင် ကြီးမားသောမှန်သားပြင်တို့ဖြင့် ကာရံထားသည့် နေအိမ်တစ်လုံးပါဝင်ပြီ မိုရစ်ခ်ျပင်လယ်ကွေ့၏ အံ့မခန်းအလှများကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။
ယခင်နှစ်အတွင်းကလည်း အရောင်းဈေးကွက်သို့တင်ခဲ့ဖူးရာ ထိုစဉ်က ကန်ဒေါ်လာ ၅ ဒသမ ၉၉ သန်း ဈေးခေါ်ခဲ့ခြင်းဖြစ်သဖြင့် ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ တစ်သန်းလျှော့ချပေးထားခြင်းလည်း ဖြစ်သည်။
လင်ဒန်မီယာကို ၁၉၁၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတင်ဆောက်လုပ်ခဲ့စဉ်က လူနေအိမ်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။
ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန်မားကို့စ်က ၁၉၈၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်ဆိုခြင်းကိုမူ မသိရချေ။
ဖိလစ်ပိုင်အစိုးရက ၁၉၈၇ ခုနှစ်တွင် ထိန်းသိမ်းရယူပြီးနောက် ပြန်လည်ရောင်းထုတ်ခဲ့သော်လည်း ရောင်းမထွက်ဘဲ ဈေးကွက်တွင်
၉ နှစ်ခန့် ရှိနေခဲ့သည်။
၁၉၉၆ ခုနှစ်တွင်မူ ဂျင်းနီနှင့် ပီတာ မာရာဂိုတို့က ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ကြသည်။
သို့ရာတွင် လက်ရှိပိုင်ရှင်များမှာ ၎င်းတို့နှစ်ဦးမဟုတ်ချေ။
လင်ဒန်မီယာစံအိမ်ကြီးမှ ပင်လယ်ရှုခင်းများကို ကျယ်ပြောစွာတွေ့မြင်ရပြီး ပထမထပ်တွင် အပန်းဖြေအနားယူရန် နေရာများစွာ ပါဝင်သည့်အပြင် မီးလင်ဖိုတစ်ခုလည်း ပါဝင်သည်။
ညစာစားခန်းမှာ ပုံမှန်ထက်များစွာ ကျယ်ဝန်းလှပြီး ကြမ်းပြင်မှ မျက်နှာကျက်ထိမြင့်မားသည့် လျှောထိုးမှန်တံခါးများကြောင့် ပင်လယ်မြင်ကွင်းကို ညစာစားရင်းခံစားနိုင်သည်။
အဆောက်အအုံတစ်ခုလုံး၏ စုစုပေါင်းအကျယ်အဝန်းမှာ
၃၄၁၀၇၅ စတုရန်းပေ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)