အင်္ဂလန်နိုင်ငံတွင် ကမ္ဘာကျော် ဘောလုံးအသင်းတစ်ခုဖြစ်သော နယူးကာဆယ်ကလပ်အသင်းအခြေစိုက်ရာ နယူးကာဆယ်မြို့ ၊ ဝင်ချက်စတာခရိုင်တွင် သရဲအလွန်ခြောက်သော ရဲတိုက်ပျက်ကြီး
တစ်လုံး အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ ရဲတိုက်ကြီးကို ၁၉၂၇ ခုနှစ်တွင် ဒေးဗစ် တီ-အေဘာကရွမ်ဘီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး Elda ရဲတိုက်ဟု လူသိများသည်။
ယင်းအမည်တွင် ပါဝင်သော အက္ခရာ ၄ လုံးမှာ ကရွမ်ဘီ၏ သားသမီး ၄ ဦး အမည်အစစာလုံးများဖြစ်သည်ဟု ဆိုသည်။
မူလက အမဲလိုက်စခန်းချရန်အဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကရွမ်ဘီ၏ ဇနီး လူစီ အက်ဘော့ထ် ကာတီက ဦးဆောင်ကာ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ကရိုတွန်ဒမ်လမ်းမ၊ အမှတ် ၂၄၉ တွင်တည်ရှိပြီး စတုရန်းပေ ၄၃၃၇ ကျယ်ဝန်းသည့် အဆိုပါရဲတိုက်တွင် တစ်ချိန်က အခန်း ၂၅ ခန်း၊ အမိုးခုံးစင်္ကြံလမ်းများ၊ ကြောင်လိမ်လှေကားပါ မျှော်စင်တစ်ခုနှင့် မြောက်များစွာသော ပန်းဥယျာဉ်များ၊ မြေကွက်လပ်များ ပါဝင်သည်။
စိတ်ဝင်စားဖွယ် အဆိုပါရဲတိုက်ကြီး၏ ခြံဝန်းအကျယ်အဝန်းမှာ ၄၉ ဒသမ ၅ ဧကအထိ ကျယ်ဝန်းကာ ရဲတိုက်အဆောက်အအုံကြီးမှာမူ များစွာယိုယွင်းပျက်စီးနေပြီဖြစ်ရာ အလုံးစုံပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်နေသည်။
လက်ရှိခေါ်ဈေးမှာ ကန်ဒေါ်လာ ၃ ဒသမ ၆၉ သန်းဖြစ်။
ယင်းရဲတိုက်ကြီးသည် ဒေသခံတို့၏ ယုံတမ်းပုံပြင်များစွာတွင် ဇာတ်လိုက်အဖြစ် ပါဝင်နေသည်။ရဲတိုက်တွင် အစောင့်ပေါင်းများစွာနေထိုင်ခဲ့ကြဖူးပြီး အငှားအိမ်ခန်းများအဖြစ်လည်း ငှားရမ်းခဲ့ဖူးသည်။
အစဉ်အဆက် ပိုင်ရှင်အဆက်ဆက်တို့က ရဲတိုက်ကြီးကို ယခင်ရှေးမူမပျက် ပြန်လည်မွမ်းမံပြုပြင်ရန် ကြိုးပမ်းခဲ့ကြဖူးသော်လည်း ကြိမ်ဖန်များစွာ မီးသင့်ခြင်း၊ မလိုမုန်းထားသူတို့၏ ဖျက်ဆီးမှုများနှင့် အခြားများစွာသော အနှောင့်အယှက်များကြောင့် ရှေးမူအတိုင်း ပြုပြင်ထိန်းသိမ်းရန် ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့ခြင်းမရှိချေ။
နောက်ပိုင်းတွင်မူ သရဲအလွန်ခြောက်သည်ဟူသော သတင်းစကားများ ပြန့်နှံ့လာခဲ့သည်။
ကြိမ်ဖန်များစွာ မီးသင့်လောင်မှုများဖြစ်ခဲ့စေကာမူ မူရင်းလက်ရာများစွာမှာ ရှေးမူမပျက်ရှိနေဆဲဖြစ်ပြီး ကြောင်လိမ်လှေကားကြီးသည် မျှော်စင်ထိပ်သို့ ရစ်ခွေနွယ်ပတ်ကာ တက်နေဆဲဖြစ်ပြီး ခြံဝန်းကျယ်ကြီးတွင်းရှိ သစ်ပင်ကြီးများကို အပေါ်စီးမှ စီးမိုးငုံ့ကြည့်နေဆဲဖြစ်သည်။
ပြတင်းပေါက်များမှာ ပျက်စီးနေကြပြီဖြစ်သော်လည်း ကျောက်တုံးဖြင့်ပြုလုပ်ထားသော မီးခိုးခေါင်းတိုင်ကြီးမှာမူ ယနေ့တိုင် မားမားစွင့်စွင့် ရှိနေဆဲဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)