ဂျကာတာရဲ့ သွားလာရခက်ခဲပြီး ပိတ်ဆို့နေတဲ့ လမ်းတွေအောက်မှာ ပို့ဆောင်ရေး ဥမင်လိုဏ်ခေါင်းတွေ တည်ဆောက်မှုက ယာဉ်ကြောပိတ်ဆို့မှုကို လျော့ပါးသက်သာစေမယ့် အဓိကကျတဲ့ ဖြေရှင်းနည်း ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တော့မယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။
နေ့စဉ် လူသန်းပေါင်းများစွာဟာ သည်းညည်းမခံနိုင်လောက်အောင်ကို ပူလောင်ပြီး မီးခိုးမြူတွေ ဖုံးလွမ်းနေတဲ့ အင်ဒိုနီရှာမြို့တော် ဂျာကာတာမှာ တရွေ့ရွေ့သာ လှုပ်ရှားနိုင်တဲ့ ယာဉ်ကြောပိတ်ဆို့နေတဲ့ လမ်းတွေပေါ်မှာ ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို သုံးပြီး အလုပ်သွားလာနေကြရပါတယ်။
ဒါပေမဲ့လည်း မြေအောက်ရထားလမ်း ဖောက်လုပ်ပြီးစီးတဲ့အခါ အာရှရဲ့ အကြီးဆုံးမြို့တွေထဲက တစ်မြို့ဖြစ်တဲ့ ဂျကာတာမြို့တော်ရဲ့ တစ်နေ့ထက်တစ်နေ့ ဆိုးရွာလာနေတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းပေနိုင်တော့မယ်လို့ မျှော်လင့်အားကိုးနေကြပါတယ်။
Mass Rapid Transit (MRT) စနစ်ကို တည်ဆောက်မှုက လာမယ့်နှစ်မှာ အပြီးသတ်အဆင့်ရောက်ရှိဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။
ခရီးဝေးသွားလာရတဲ့ ရုံးသမာတွေအနေနဲ့ ၂၀၁၉ ခုနှစ်မတ်လမှာ MRT ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
နာမည်ကျော်မြို့တော် ဂျကာတာအလယ်ပိုင်းမှာ တည်ရှိတဲ့ ဟိုတယ် အင်ဒိုနီးရှားရဲ့ မြေအောက်ဘက်ထဲမှာ ဆောက်လုပ်ရေးဝန်ထမ်းတွေ နေ့မအားညမနား ရထားလမ်းတွေ ထပ်ဆင်တာနဲ့ ကွန်ကရစ်လိုဏ်ခေါင်းတွေ ဖောက်လုပ်နေတာတွေကို အပတ်တကုတ်လုပ်ဆောင်နေတာကြောင့် အနီးတဝိုက်ကသူတွေကိုတောင် အံ့အားသင့်စေလျက် ရှိတယ်လို့ သိရပါတယ်။
မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခက်အခဲတွေကြောင့် စီမံကိန်းက ကြန့်ကြာနေတာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ မြေအောက်ရထားလမ်းဆောက်လုပ်မှုက ပြီးလုပြီးခင်လောက်အထိ ဖြစ်မယ်လို့ ရထားလမ်းတည်ဆောက်လုပ်ပိုင်ခွင့် ရရှိထားတဲ့ MRT Jakarta ကကြာသာပတေးနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
' စိန်ခေါ်မှုတွေရင်ဆိုင်နေရပေမဲ့လဲ ရထားလမ်းဆောက်လုပ်မှုအပိုင်းမှာ တိုးတက်မှုတွေ ရရှိနေတယ် ‘ လို့ ကုမ္ပဏီနာယက ဒါရိုက်တာဝီလျံဆဘန်းဒါးက အေးအက်ဖ်ပီကို ပြောပါတယ်။
သည်ရထားစနစ်ဟာ လာမယ့်နစ်သြဂုတ်လမှာ အင်ဒိုနီးရှာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်ပမယ့် ဆီးဂိမ်းမတိုင်ခင်တော့ ပြီးစီးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သည်စနစ်က ယာဉ်ကြောပိတ်ဆို့မှုတွေကိုတော့ သက်သာအောင် အထောက်အကူပြုနိုင်မယ်လို့ ဆဘန်းဒါးက ရှင်းပြပါတယ်။
စီမံကိန်း ပထမအဆင့်ကို 2013 ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ရထားလမ်းက ဂျကာတာမြို့လယ်မှာရှိတဲ့ Hptel Indone-sia အဝိုင်းကနေ ဂျကာတာတောင်ပိုင်းမှာရှိတဲ့ Lebak Bulus တို့ကို ဆက်သွယ်ထားတာဖြစ်ပြီး ရထားလမ်းပိုင်းရဲ့ အရှည်က ၁၆ ကီလိုမီတာဖြစ်ပါတယ်။
ရထားပို့ဆောင်ရေးစနစ် စတင်နိုင်တာနဲ့တစ်ပြိုင်နက် တစ်နေ့ကို ခရီးသည် ၁၇၃,၀၀၀ ကို ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။
ရထားလမ်းကို ကီလိုမီတာ ၁၁၀ အထိ တိုးချဲ့ဖောက်လုပ်သွားမှာဖြစ်ပြီး ဘူတာရုံ ၁၃ရုံထားရှိသွားမှာဖြစ်ပါတယ် ။မိုးပျံလမ်းပိုင်း ခုနှစ်ခု ၊ မြေအောက်လမ်းခြောက်ခုတို့ကိုပါ ရထားလမ်းမှာ တည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မြေအောက်ရထားလမ်းစနစ်ကို မြို့တော်မှာ ရှိပြီးသားဖြစ်တဲ့ ရထားပို့ဆောင်ရေး၊ ဘတ်စ်ကားလိုင်းတွေနဲ့ ချိတ်ဆက်အသုံးပြုသွားမှာဖြစ်ပြီး မီးခိုးမြူတွေ ပိတ်လွမ်းနေပြီး သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့ ပြည့်နှက်နေတဲ့မြို့တော်အတွက် အထူးလိုအပ်နေတဲ့ ပြောင်းလဲမှုတွေကို ထောက့်ပံပေးသွားမှာလည်း ဖြစ်ပါတယ်။
Credit: The Kumudra