ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းသည့် အကြောင်းကြားစာကို ယင်းအဖွဲ့ဝင်များအား ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဇူလိုင်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း ယင်းစာအရ သိရသည်။
“ရေနက်ဆိပ်ကမ်းမှာ Developer တွေ၊ Investor တွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေတိုင်းကို ဥပဒေပိုင်းအရ ပိုပြီး အထောက်အကူပြုနိုင်အောင် ဖွဲ့စည်းခဲ့တာပါ” ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒု-ဥက္ကဋ္ဌ ဖြစ်သည့် တနင်္သာရီတိုင်း အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ၎င်းအပါအဝင် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်။
ယင်းအဖွဲ့ကို ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းဝေး ဆုံးဖြတ်ချက်ဖြင့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေများအရ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အထက်ပါ အကြောင်းကြားစာအရ သိရသည်။
လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်၏ မဟာစီမံကိန်းကို ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA) မှ လာရောက်လေ့လာလျက် ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
Credit: The Voice