Starbucks သည် တရုတ်ပြည်မကြီးရှိ ကော်ဖီဆိုင်ခွဲပေါင်း ၁၃၀၀ ကျော်ကို East China JV ထံမှ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း Starbucks ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ရှန်ဟိုင်း၊ ကျန်းဆုနှင့် စီကျန်ပြည်နယ်တို့အပါအဝင် တရုတ်ပြည်မကြီးတစ်ခုလုံးရှိ ဆိုင်ခွဲများအားလုံးကို Starbucks က ထိန်းချုပ်ခွင့် ရရှိသွားပြီ ဖြစ်သည်။
Starbucks သည် East China JV နှင့် ကာလတာရှည် ပူးတွဲလုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါ ၎င်းတို့၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို အပြီးအပိုင် ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ပြင်ပနယ်ပယ်များအနက် Starbucks ၏ ဈေးကွက်လျင်မြန်စွာ ကြီးထွားလာလျက် ရှိသော နိုင်ငံတစ်ခု ဖြစ်သည်။
Starbucks ကော်ဖီဆိုင်အုပ်စုကြီးတစ်ခုလုံး၏ လက်ရှိဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၈၅ ဘီလီယံအထိ ရှိနေပြီး တရုတ်ပြည်မကြီးတွင် လက်ရှိအားဖြင့် Starbucks ဆိုင်ခွဲပေါင်း ၂၈၀၀ ရှိရာမှ လာမည့် ၂၀၂၁ ခုနှစ်တွင် ဆိုင်ပေါင်း ၅၀၀၀ အထိ ဖွင့်လှစ်သွားနိုင်ရန် ရည်မှန်းထားသည်။
တရုတ်နိုင်ငံအရှေ့ပိုင်းသည် ကမ္ဘာလုံးဆိုင်ရာ ကော်ဖီဈေးကွက်တွင် မဟာဗျူဟာမြောက်အရေးပါသည့် နယ်ပယ်တစ်ခုဖြစ်သည်။
ရှန်ဟိုင်းတွင် Starbucks ဆိုင်ခွဲပေါင်း ၆၀၀ နီးပါးရှိရာ ကမ္ဘာပေါ်ရှိ မည်သည့်မြို့ကြီးများထက်မဆို ပိုမိုများပြားသည့် ပမာဏလည်း ဖြစ်သည်။
Starbucks ၏ လက်ရှိ အမှုဆောင်အရာရှိချုပ်မှာ ကီဗင်ဂျွန်ဆင်ဖြစ်ပြီး Starbucks ကိုပူးတွဲတည်ထောင်သူ ဟောင်းဝပ်ရှော့ဇ်ထံမှ ပြီးခဲ့သော ဧပြီလအတွင်း တာဝန်လွှဲပြောင်းရယူခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံရှိ မြို့ပေါင်း ၁၃၀ တွင် Starbucks ဆိုင်ခွဲများရှိပြီး အာရှ-ပစိဖိတ်ဒေသကြီးတစ်ခုလုံးတွင်မူ ကော်ဖီဆိုင်ပေါင်း ၇၁၈၃ ဆိုင်ရှိကာ ယခုနှစ်ပထမ ၃ လတာကာလအတွင်း လည်ပတ်ငွေ ကန်ဒေါ်လာ ၂၂၃ ဒသမ ၈ သန်းရှိသည်။
အမေရိကန်ပြည်ထောင်စုတွင်မူ Starbucks ဆိုင်ပေါင်း ၁၆၃၀၂ ဆိုင်ရှိကာ ယခုနှစ်ပထမ ၃ လပတ်အတွင်းရောင်းအား ကန်ဒေါ်လာ ၉၇၄ ဒသမ ၈ သန်းရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)