နာမည်ကျော် အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းကုမ္ပဏီ Zara တည်ထောင်သူ စပိန်သူဌေးကြီး Amancio Ortega ကတော့ ယခုအခါ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို တက်လှမ်းလာခဲ့ပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်ကမှ ကမ္ဘာ့အချမ်းသာဆုံးသူများစာရင်းရဲ့ နာမည်နှစ်အချမ်းသာဆုံးပုဂ္ဂိုလ်နေရာ ကို သူဌေးကြီး Amancio Ortega တက်လှမ်းရောက်ရှိလာတာဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက
ထုတ်ပြန်ပါတယ်။တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကိုတော့ ခေတ္တခဏ တက်လှမ်းရယူနိုင်ခဲ့တဲ့ Amazon တည်ထောင်သူ သူဌေးကြီး Jeff Bezos ကတော့ ကမ္ဘာ့တတိယအချမ်းသာဆုံး နေရာကို ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
Jeff Bezos ရဲ့ ယခုလို ထပ်မံကျဆင်းမှုကတော့ ၎င်းရဲ့ ကုမ္ပဏီ Amazon ရဲ့ စတော့ရှယ်ယာတန်ဖိုး မငြိမ်သက်မှုကြောင့် အဓိကသက်ဆိုင်နေပြီး e-commerce ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နောက်ပိုင်း ၅ ရာခိုင်နှုန်းနီးပါးထိ ကျဆင်းထားခဲ့ပါတယ်။
သြဂုတ် ၁ ရက်နေ့လည်ပိုင်းအထိ Forbes ရဲ့ တွက်ချက်ခန့်မှန်းမှုအရ သူဌေးကြီး Ortega ရဲ့ အသားတင်ကြွယ်ဝမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၈၅ ဒသမ ၅ ဘီလီယံ ဖြစ်ပြီး သူဌေးကြီး Bezos ရဲ့ ကြွယ်ဝမှုတန်ဖိုးကတော့ ဒေါ်လာ ၈၄ ဒသမ ၆ ဘီလီယံ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ယခုလို အဆင့်နှစ်နေရာကို တက်လှမ်းလာနိုင်ခဲ့တဲ့ သူဌေးကြီး Ortega နာမည်ကိုတော့ လူအများ သိပ်ပြီး မသိခဲ့ကြဘူးလို့လည်း သိရပါတယ်။ သူဌေးကြီး Ortega ဟာဆိုရင် သီးသန့် နေတတ်သူတစ်ဦးဖြစ်ပြီး လူမြင်ကွင်းမှာ သိပ်မြင်ရခဲတဲ့သူတစ်ယောက်ဖြစ်ကာ အင်တာဗျူးဖြေဆိုမှုလည်း လက်တစ်ဆုပ်စာလောက်ပဲရှိခဲ့တယ်လို့ သိရပါတယ်။
၁၉၇၅ ခုနှစ်က ၎င်းနဲ့ ထိုစဉ်အချိန်က ပေါင်းသင်းခဲ့တဲ့ ဇနီးဖြစ်သူ Rosalia တို့က Fast-fashion လုပ်ငန်းကြီး Zara ကို တည်ထောင်ခဲ့ကြပါတယ်။ ယနေ့အချိန်မှာတော့ Zara ကို ထိန်းချုပ်ထားတဲ့ ၎င်းရဲ့ လက်လီလုပ်ငန်း Inditex SA ကတော့ ကမ္ဘာတစ်ဝှမ်း ဆိုင်ခွဲပေါင်း ၇,၃၈၅ ကို ဖွင့်လှစ်လုပ်ကိုင်နေလျက်ရှိပါတယ်။
Credit: SFJ Strategy First