ရန်ကုန်မြို့ဘုန်းကြီးလမ်းနှင့်ဒလမြို့ဗိုလ်မင်းရောင်လမ်းတို့ကိုဆက်သွယ်
တည်ဆောက်မည့်တံတားစီမံကိန်းအတွက်စက်တင်ဘာလတွင်ဆောက်လုပ်ရေးကုမ္ပဏီများကိုတင်ဒါခေါ်မည်ဖြစ်ကြောင်းဒလမြို့နယ်တိုင်းဒေသ ကြီး ကိုယ်စားလှယ်တစ်ဦးကပြောကြားကြောင်းသိရသည်။
ထိုဒလတံတားတည်ဆောက်ခြင်းလုပ်ငန်းများကို၂၀၁၇ခုနှစ်၊ဒီဇင်ဘာတွင်စတင်မည်ဖြစ်ပြီး၂၀၂၁ခုနှစ်တွင်ပြီးစီးရန်တည်ဆောက်မည်ဖြစ်သည့်အတွက်သတ်မှတ်အချိန်အတွင်းအမြန်ပြီးစီးရန်လုပ်ငန်းအပိုင်းလိုက်တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
ကုန်းဆာဗေး၊ရေဆာဗေးပြီးကြောင်း၊၉လပိုင်းတွင်တင်ဒါခေါ်ယူပြီး၁၂လပိုင်းတွင်တံတားစတင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊တင်ဒါလာလျှောက်သောကုမ္ပဏီများအားနှစ်လအတွင်းကုမ္ပဏီ၏ နောက်ကြောင်းများကိုစစ်ဆေးပြီးလွှတ်တော်တွင်အတည်ပြုပြီးမှပေးမည်ဖြစ်ကြောင်းသိရသည်။
တင်ဒါခေါ်ယူခြင်းအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှစိစစ်ရွေးချယ်ပြီး ရွေးချယ်ပြီးသောအခြေအနေများကိုလွှတ်တော်တွင်တင်ပြပြီးတံတားစီမံကိန်းတည်ဆောက်ရန်ကုမ္ပဏီအား ရွေးချယ်မည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ကြောင်းသိရသည်။
တင်ဒါခေါ်ယူခြင်းအားနိုင်ငံပိုင်သတင်းစာများတွင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။
တံတားတည်ဆောက်ရေးကိုဆောက်လုပ်ရေးဝန်ကြီးဌာနမှအဓိကစီမံကြီးကြပ်မည်ဖြစ်ကြောင်း၊ကိုရီးယားနိုင်ငံကုမ္ပဏီမှလုပ်ငန်းအပိုင်းလိုက်စီမံကိန်းအမြန်ဆုံးတည်ဆောက်နိုင်ရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်ဒလမြစ်ကူးတံတားကိုငါးနှစ်အတွင်းအပြီးဆောက်လုပ်သွားမည်ဖြစ်ပြီးတံတားကိုလေးလမ်းသွားသံမဏိ ကြိုးဆိုင်းအမျိုးအစားတည်ဆောက်မည်ဖြစ်ကြောင်းနှင့်တံတားအရှည်မှာ၆၁၄၄ပေရှည်လျားမည်ဖြစ်ပြီးအမြင့် ပေ၄၉မီတာတည်ဆောက်ရန်စီစဉ်ထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနထံမှသိရသည်။
တောင်ကိုရီးယားနိုင်ငံအစိုးရချေးငွေဖြင့်တည်ဆောက်မည့်ထိုတံတားစီမံကိန်းအတွက်ဒေါ်လာ၁၆၈ဒသမ၁၇၄သန်းခန့်ကုန်ကျမည်ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံမှ၁၃၇ဒသမ၈၃၃သန်း၊မြန်မာဘက်မှ အမေရိကန်ဒေါ်လာ ၃၀ဒသမ၃၄၁သန်းအသုံးပြုတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
ယင်းတံတားတည်ဆောက်ပြီးစီးပါကဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်းနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှပြည်သူများ၏ဒေသဖွံ့ဖြိုးရေးအတွက်များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းသိရသည်။
Source:The Voice