သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ အရှေ့တောင်ဘက် ၁၄၉ မိုင်အကွာတွင် တရုတ်နိုင်ငံက ဆောက်လုပ်ပေးခဲ့သော ဟန်ဘန်တိုတာဆိပ်ကမ်းကို တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ သဘောတူညီချက်ကို သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (SLPA) နှင့် တရုတ်အစိုးရပိုင် China Merchants Port Holdings တို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး ၉၉ နှစ်ကြာ လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။
တရုတ်ကုမ္ပဏီသည်သီရိလင်္ကာSLPAနှင့်ပူးတွဲ
အကောင်အထည်ဖော်မည်ဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။
သီရိလင်္ကာသည် တရုတ်နိုင်ငံသို့ ပေးဆပ်ရန်အကြွေး ကန်ဒေါ်လာ ၆ ဘီလီယံရှိရာအကြွေးကိုပိုင်ဆိုင်မှုအဖြစ်ပြောင်းလဲလိုက်ခြင်းတစ်မျိုးလည်းဖြစ်သည်။
တစ်ချိန်တွင် ယခုဆိပ်ကမ်းကို သီရိလင်္ကာက ပြန်လည်ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။“ကျွန်တော်တို့ကို အကြွေးထောင်ချောက်ထဲက ကယ်တင်ပေးခဲ့တဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ပါတယ်” ဟု ဆိပ်ကမ်းဝန်ကြီး မဟိန္ဒ ဆမာရာဆင်ဂီက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် ကိုလံဘိုဆိပ်ကမ်းတွင် ပြောကြားသည်။
ဆိပ်ကမ်းအဆောက်အအုံများသည် သီရိလင်္ကာပြည်သူတို့ ပိုင်ဆိုင်ကြကြောင်း၊ သို့ရာတွင် အာရှနှင့် ကမ္ဘာတစ်လွှားရှိ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတွင် တရုတ်နိုင်ငံက ခါးပါတ်တစ်ခု၊ လမ်းမတစ်ခု စီမံကိန်းဖော်ဆောင်ရာတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း China Merchants Port Holdings ၏ လက်ထောက်အမှုဆောင်ဥက္ကဌ ဟူကျန်းဟွာက ပြောကြားသည်။
ဟန်ဘန်တိုတာဆိပ်ကမ်းသည် ဥရောပ-အာရှ ပင်မရေလမ်းကြောင်းပေါ်တွင် တည်ရှိပြီး ၉၉ နှစ် အငှားစာချုပ်ချုပ် ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
အကျယ်အဝန်း ဧက ၁၅၀၀၀ (၂၃ စတုရန်းမိုင်) ရှိပြီး ဆိပ်ကမ်းနှင့်တဆက်တည်း စက်မှုဇုန်တစ်ခုတည်ထောင်ရန် စီစဉ်ထားသည်။
အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနှင့် ဂျပန်တို့သည် တရုတ်အနေဖြင့် ဟန်ဘန်တိုတာဆိပ်ကမ်းတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာမည်ကို ရတက်မအေးဖြစ်လျက်ရှိကြသည်ဟု သံတမန်ရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ယခင်သီရိလင်္ကာခေါင်းဆောင် မဟိန္ဒ ရာဇပဿဦးဆောင်သည့် အတိုက်အခံအဖွဲ့များကလည်း ပါလီမန်တွင် ဆွေးနွေးပြီးချိန်အထိ ယခုသဘောတူညီမှုကို လက်မှတ်မထိုးရန် တောင်းဆိုခဲ့ကြဖူးသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)