အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရအဖွဲ့သည် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၏ အသုံးစရိတ်များကို လျှော့ချဖြတ်တောက်ရန် စီစဉ်နေသော်လည်း ယခုနွေအတွင်း ထရမ့်၏ ခရီးစဉ် ၇ ကြိမ်တွင် မာရာလာဂိုစံအိမ်တော်ကြီးကို ကာကွယ်ရန်အတွက် ကန်ဒေါ်လာ ၆ ဒသမ ၆ သန်းကျော်သုံးစွဲခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်ဟု ချီကာဂိုအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဖလော်ရီဒါပြည်နယ်၊ ပန်ဘိခ်ျရှိ ထရမ့်ပိုင် မာရာလာဂိုစံအိမ်ကြီးကို ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံတစ်ဝန်းရှိ အကြမ်းဖက်တိုက်ဖျက်ရေးကျွမ်းကျင်ပုဂ္ဂိုလ်များ၊ ကင်းလှည့်လှေများ၊ အပေါ့စားမြန်နှုန်းမြင့်လှေများ၊ ရဟတ်ယာဉ်များကို ကမ်းရိုးစောင့်
တပ်ဖွဲ့က ဖြန့်ကျက်ချထားခဲ့ရသည်။
ဒေါ်နယ်ထရမ့်သည် သူ၏ကိုယ်ပိုင်စီးပွားရေးဆိုင်ရာ များပြားလှသော ခရီးစဉ်များအတွက် အစိုးရလုံခြုံရေးတပ်ဖွဲ့များကို ငွေကြေးများစွာ သုံးစွဲကာ အသုံးပြုစေမှုအတွက်လည်း ဝေဖန်ကြမှုများရှိသည်။
နိုင်ငံအခွန်ထမ်းပြည်သူများအနေဖြင့် ထရမ့်နှင့်သူ၏မိသားစု၊ သူ၏ကုမ္ပဏီအတွက် အကျိုးအမြတ်ရစေမည့် ခရီးစဉ်များအတွက် အခွန်ထမ်းဆောင်နေကြရကြောင်း သုံးသပ်ကြသည်။
ထရမ့်၏ မာရာလာဂိုစံအိမ်မှာ ဆောင်းရာသီအိမ်ဖြူတော်ဟုလည်း လူသိများပြီး မန်ဘာဝင်ထားသူများသာ ဝင်ရောက်ခွင့်ပြုသည့် နာမည်ကျော်ကလပ်တစ်ခုလည်း ဖြစ်သည်။
ကမ်းရိုးတန်းစောင့်တပ်ဖွဲ့သည် ယခင်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့်မိသားစု ဟာဝိုင်အီသို့ နှစ်စဉ်ခရီးထွက်ချိန်များ အပါအဝင် ယခင်သမ္မတများကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နှင့်အတူ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။
၂၀၁၃ ခုနှစ်အတွင်း တောင်ဖလော်ရီဒါတွင် အိုဘားမား ခရီးထွက်ခဲ့စဉ်က ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၏ အသုံးစရိတ်မှာ ကန်ဒေါ်လာ ၅၈၆၀၀၀ ဖြစ်ကြောင်း အစိုးရတာဝန်ခံမှုရုံးက လွန်ခဲ့သောနှစ်အတွင်း ထုတ်ပြန်ခဲ့ဖူးသည်။
မာရာလာဂိုသို့ ထရမ့်၏ ခရီးစဉ်များမှာမူ ခရီးစဉ်တစ်ခုလျှင် ကန်ဒေါ်လာ ၁ သန်းနီးပါး ကုန်ကျနေသည်ဟု ဆိုသည်။
ပြီးခဲ့သော အောက်တိုဘာမှ မတ်လအကြား ကမ်းရိုးတန်းစောင့်တပ်ဖွဲ့သည် သမ္မတ၏ ခရီးစဉ်လုံခြုံရေးအတွက် ကန်ဒေါ်လာ ၁၇ ဒသမ ၈ သန်းကျော်သုံးစွဲခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)