ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂ဝ၁၄ တွင် စတင်တင်ပြခဲ့သော ကြည့်မြင်တိုင်အနောက်ဘက် အေးရွာဘက် ကမ်းတွင် ရန်ကုန်မြို့သစ် စီမံကိန်း တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်သည် တိုင်းဒေသကြီး လွှတ်တော်တွင် အငြင်းအခုံ များစွာဖြင့် ပြန်လည်ပယ်ဖျက်ခြင်း၊ ထပ်မံတင်ပြခြင်းတို့ဖြင့် ရှုပ်ထွေးနေခဲ့သည်။
မြေယာဈေး ကစားကွက်ဖြစ်နေကြောင်း၊ မြို့သစ်တိုးချဲ့ခြင်းဟူသည်မှာ အိမ်ရာစီမံကိန်းလုပ်သကဲ့သို့ ရင်းနှီးမြှုပ်နှံသူလက်၊ ကန်ထရိုက်လက် အပ်သလိုအပ်နှံ၍မရ ကြောင်း၊ နိုင်ငံတော်အဆင့်က တာဝန်ယူလုပ်ဆောင်မှ ဖြစ်နိုင်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိရန်လိုကြောင်း၊ အထူးသဖြင့် ရေဝပ်ဧရိယာများဖြစ်သဖြင့် မြို့တည်ရန်သင့်၊ မသင့်ဟူသည်ကို များစွာလေ့လာရန်လိုကြောင်း ပညာရှင်များနှင့် လွှတ်တော် အမတ်အချို့က ထောက်ပြခဲ့ကြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြ စီမံကိန်းဌာနခွဲကလည်း ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှုအဆိုပြုချက် များတွင် ရန်ကုန်မြို့ကို တိုးချဲ့နိုင်သောလမ်းကြောင်းများကို ၂ဝ၁၅-၂ဝ၁၆ တွင်အဆိုပြုခဲ့သည်။ မြေရယူရန် လွယ်ကူခြင်း၊ မဟာဗျူဟာလမ်းကြောင်းပေါ်ရှိခြင်း၊ စီမံကိန်းကြီးများအနီးရှိ ခြင်း၊ ဆက်သွယ်သွားလာရန် အဆင်သင့်ဖြစ်ခြင်း၊ နောင်အလား အလာတို့အပေါ်မူတည်လျက် ဦးစားပေးအဖြစ် ရန်ကုန်မြို့ အထွက် အရှေ့မြောက်ဘက် လေးထောင့်ကန်ပတ်ဝန်းကျင်၊ သန်လျင်မြို့မြောက်ဘက်နှင့် ဒလမြို့တောင်ဘက်အပြင် အနောက်တောင်ဘက် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ ထန်းတပင်မြို့သစ်၊ အနောက်မြောက်ဘက် မှော်ဘီမြို့သစ်နှင့် မြောက်ဘက် လှည်းကူးမြို့သစ်တို့ကိုလည်း မြို့ကြီးထွားရန် လမ်းကြောင်းများအဖြစ် အဆိုပြုခဲ့သည်။
တစ်ဖန် JICA ကပင်၂ဝ၁၃ ခုနှစ်တွင် ¤င်းတို့တင်ပြခဲ့ သည့် ရန်ကုန်မဟာဗျူဟာစီမံကိန်းအား ဖြည့်စွက်မွမ်းမံမှုကို ရှစ်လစီမံကိန်းအဖြစ် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတွင် အပြီးသတ် တင်ပြရာ၌ မြို့ပြကျောရိုးနေရာချပုံမှာ ဒဂုံဆိပ်ကမ်းမြို့သစ်၊ အရှေ့ဒဂုံမြို့သစ်တို့နှင့်အတူ အေးရွာဘက် အနောက်ဘက် ကမ်းသို့တိုးချဲ့သည့် မြို့ကွက်နှင့် ဒလမြို့ကို ချဲ့ထွင်ထားမှုကိုပါ ပထမဖွံ့ဖြိုးမှုအဆင့်အဖြစ် ထည့်သွင်းရေးဆွဲထားသည်။
ထို့အပြင် ယခုအစိုးရသစ်လက်ထက်တွင် စတင်ပြောဆိုလာ သည့် ကွမ်းခြံကုန်းပတ်ဝန်းကျင်၌ လေဆိပ်နှင့် ရေနက်ဆိပ်ကမ်း တိုးချဲ့မှုနှင့်အတူ မြို့သစ်များတည်ဆောက်မှုကိုလည်း ရေရှည် ဖွံ့ဖြိုးမှုအစီအစဉ်အဖြစ်လာမည့် နှစ် ၅ဝ ရန်ကုန်လူဦးရေ ပေါင်း ၂၇ သန်းအတွက် မျှော်မှန်းချက်အဖြစ် ထည့်သွင်းသည်။ ရန်ကုန်လူဦးရေကို တိုးချဲ့နိုင်သမျှ လက်ခံကာ ပြိုင်ဘက်မရှိ ကြီးထွားစေမည့်စီမံကိန်း ဖြစ်နေသည်။
ထို့အတူ လွန်ခဲ့သောသီတင်းပတ်ကပင် ကိုရီးယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က ရန်ကုန်မြို့သစ်စီမံကိန်း အဆိုပြုပုံစံတစ်ခုကိုPark Royal Hotel တွင် တင်ပြခဲ့သည်။ ရန်ကုန်မြို့သစ်ကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာပန်းလှိုင်ကမ်းနားမှ စတင်ကာ တွံတေး တူးမြောင်းကိုကျော်လျက် (လက်ရှိဒလမြို့နယ်မပါ) ဒလမြို့နယ် တောင်ဘက်ပိုင်းတစ်ခြမ်းလုံးနှင့် ကျယ်ပြန့်စွာ နေရာယူထား သည်။ ဧရိယာ စတုရန်းကီလိုမီတာ ၂ဝဝ ကျော်ပြီး လက်ရှိ ရန်ကုန်မြို့ မြူနီစီပယ်ဧရိယာ၏ သုံးပုံတစ်ပုံကျော်ရှိသည်။ ရန်ကုန်ကို တောင်ဘက်ခြမ်းမှ ကျယ်ပြန့်စွာပတ်ရံထားသည့် မြို့တိုးချဲ့မှုဖြစ်သည်။
မြို့ပြချဲ့ထွင်ခြင်းကမ္ဘာပေါ်တွင် မြို့ပြမူဝါဒနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံသည် နမူနာကောင်းတစ်ခုဖြစ်သည်။ ဈေးကွက်စီးပွားရေးက ဦးဆောင်သော မြို့ပြဖွံ့ဖြိုးမှုကို အားမပေးဘဲ မြို့ပြစီမံကိန်း စည်းမျဉ်းဥပဒေများဖြင့် ကျကျနနထိန်းချုပ်သည်။ ဖက်ဒရယ် နိုင်ငံဖြစ်သည့်အတွက်ဖက်ဒရယ်နိုင်ငံအဆင့်၊ ဒေသကြီးများ အဆင့်၊ ဒေသငယ်များအဆင့်နှင့် မြူနီစီပယ်အဆင့်ဟူ၍ ဒေသ္တရ နေရာချစီမံခြင်းဆိုင်ရာတွင် လေးဆင့်ခွဲခြားကာ ဥပဒေအသီးသီးဖြင့် မြို့ပြဖွံ့ဖြိုးမှုကို ထိန်းကွပ်သည်။ အဆင့် တိုင်းတွင် မြေယာအခင်းအကျင်း စီမံနေရာချမှု၊ ယာဉ်ကြော ထိန်းသိမ်းမှု၊ လယ်ယာကဏ္ဍ၊ ရေစီမံခန့်ခွဲမှုတို့နှင့်လည်း ချိတ်ဆက်ထားသည်။ ဒေသအလိုက်စီမံပုံတွင် ကွာခြား သော်လည်း ရလဒ်မှာ ဂျာမနီနိုင်ငံ၏ မည်သည့်အပိုင်းမဆိုအလွန်အမင်းကြီးထွားနေသော တစ်သီးပုဂ္ဂလမြို့ကြီးဟူ၍ မရှိဘဲ ဒေသအသီးသီး ဖြန့်ကြက်ဖွံ့ဖြိုးခြင်း ဖြစ်စေသည်။
ဒေသတိုင်းတွင် ရွေးချယ်စရာများ ပြည့်စုံသဖြင့် ဟန်ချက် ညီဖွံ့ဖြိုးမှု ဖြစ်စေခြင်းက မြို့ကြီးများထံသို့ မျှော်လင့်တကြီး နေ့စဉ်ရောက်ရှိနေသည့် လူဦးရေကို တားဆီးပေးနိုင်သည်။မိမိဒေသ၊ မိမိမြို့ရွာတွင် ဆက်လက်နေထိုင်နိုင်အောင် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ခြင်းဖြင့် မြို့ကြီးသို့ တွန်းပို့သည့် push factorကျဆင်းစေသည့် အတွက် နိုင်ငံအနှံအပြားရှိ မြို့ပြဒေသများ စီးပွားရေး ကောင်းမွန်အောင်၊ အခြေခံအဆောက်အအုံ ပြည့်စုံအောင် ဖန်တီးခြင်းသည် ရေရှည်ရှင်သန်သည့် ဖွံ့ဖြိုးမှုကိုရှေးရှုသည်။
မြို့ကြီးများကို ချဲ့ထွင်ဖို့လိုသည်ဆိုလျှင် Infrastructure (အခြေခံအဆောက်အအုံ) မခိုင်မာဘဲမဖြစ်နိုင်၊ အချိန်မှန်၊ ဈေးသက်သာကာ သက်သောင့်သက်သာ လိုရာရောက်နိုင် သော သယ်ယူပို့ဆောင်ရေးစနစ်နှင့် မြို့လူထုအတွက် အပန်းဖြေ ကွက်လပ်ကစားကွင်းပန်းခြံတို့သည် သော့ချက်ဖြစ်ပြီး ယင်းတို့ကို လုံလောက်အောင် ဖန်တီးပေးနိုင်မှသာ အောင်မြင် ပေမည်။ အိန္ဒိယနိုင်ငံ မြို့ကြီးများ (နယူးဒေလီ၊ ကိုလ်ကတ္တားတို့)၌ ရင်းနှီးမြှုပ်နှံမှုများသော်လည်း အကျိုးထိရောက်သော အဆင့်မြင့် မြေပေါ်မြေအောက် ရထားစနစ်ကို ဦးစားပေးခဲ့ သည်။
၁၉၉၈ ခုနှစ်တွင် စတင်သည့် Delhi Metro သည် ၂ဝဝ၂ ခုနှစ်တွင် လိုင်းတစ်လိုင်း စတင်ပြေးဆွဲခဲ့ရာမှ ယခု အခါ ပျမ်းမျှ လူပေါင်း၂ ဒသမ ၇သန်းကို နေ့စဉ်ဝန်ဆောင်မှုပေး လျက်ရှိသည်။ ကိုလ်ကတ္တားတွင်လည်း မြို့ပြင်တွင် မြို့သစ် ချဲ့ထွင်မှုနှင့် တစ်ပါတည်း ရထားလိုင်းစနစ်များ ပေါင်းစပ် လုပ်ကိုင်လျက်ရှိသည်။ ရှိပြီးသားမြို့ကြီး၏ အရည်အသွေး တက်လာရုံမက တိုးချဲ့မည့်နေရာအတွက်ပါ ပြင်ဆင်ပြီး ဖြစ်သွားပေသည်။
ယခင် ရန်ကုန်တွင် ရွှေပြည်သာ၊ ဒဂုံ စသည့် မြို့သစ်များချဲ့စဉ်က လမ်း၊ တံတား၊ ရေ၊ မီး၊ မြောင်း၊ သယ်ယူပို့ဆောင် ရေးစနစ်များကို စနစ်တကျ နေရာမချမီ ရွှေ့ပြောင်းခဲ့ သည့်အတွက် ယခုထက်တိုင် အဆင်မပြေသေးသော မြို့ပြ အခြေအနေများ ရှိနေဆဲဖြစ် သည်။ ယင်းသို့ နေသားကျ နေပြီဖြစ်သော မြို့လူထု အသိုက်အဝန်းတို့၏ နေထိုင် မှု အရည်အသွေးမြှင့်ရန် သည် မြို့ပြစီမံမှုတွင် ဦးစားပေးရမည့် အချက်ဖြစ်သည်။ မြို့တိုးချဲ့ရာတွင်လည်း လက်ရှိအခြေအနေအတွက် ပြေလည်မှု တင်မက နောင်ဖြစ်ပေါ်လာမည့် အခြေအနေများကို စဉ်းစား ကာ နေရာချခဲ့ခြင်း(Planned extension) က နောက်ဆက်တွဲ ပြဿနာများ နည်းပါးစေသည်။
မြို့ဟူသည် လူမှုအသိုင်းအဝိုင်းနှင့် ယှဉ်တွဲဆက်နွှယ်နေ မည်ဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် လူတန်းစား အခြေခံ၊ သဘာဝအနေအထား ရင်းမြစ်အခြေခံများပေါ် မူတည်သည်။ မြို့တည်ဆောက်ခြင်း၊ ချဲ့ထွင်ခြင်းဆိုသည်ကို တစ်ခုခုထပ်မံဆောက်လုပ်ရေးဆိုသည်ထက် ပုဂ္ဂလိကတစ်ဦး ချင်းရော အများအတွက်ပါ အကျိုးရှိမည့် လူမှုဝန်းကျင်တစ်ခု ဖွံ့ဖြိုးစေမှုဖြစ်ရန် ရည်ရွယ်မှသာ ဖြစ်နိုင်သည်။ မိမိလူမျိုး အခြေခံရာ ခံယူချက်နှင့် မိမိပတ်ဝန်းကျင်ကို ပုံဖော်ယူကြခြင်း ဖြစ်သည်။
လူမှုအသိုင်းအဝိုင်းသည် ရပ်ရွာအကျိုးကို စောင့်ရှောက်ပြုပြင်သည့်ကဏ္ဍ၌ အရေးပါသည်။ မိမိလူမျိုး ဓလေ့၊ စရိုက်နှင့် မကိုက်ညီသော မြို့လူနေမှုစနစ်တစ်ခုခုကို အခြားနိုင်ငံများမှ ကူးယူ လာရုံမျှနှင့် မအောင်မြင် နိုင်၊ ရုပ်ဝတ္ထုအားဖြင့် ပြေလည်သည်ဆိုလျှင်တောင်မှ ရေရှည် တွင် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သက်ရောက်မှုများ ရှိနိုင်သည်။
အချက်အချာကျမှု၊ လမ်းမကြီးများနှင့် လမ်းကွန်ရက်များ ပေါ်တည်ရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ကြီးများရှိလာမည့် နိုင်ငံအဆင့်စီမံကိန်းများဖြစ်သည့် လေယာဉ် ကွင်း၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်တို့ စတင် တည်ဆောက်မှု၊ အခြေခံ အဆောက်အအုံ တိုးတက် ကောင်းမွန်မှု တို့သည် လွယ်လင့်တကူ ပြောင်းနေဖို့ရာနှင့် စည်ကားသည့် မြို့အဆင့် ရောက်ရန် လုံလောက်စွာ ဆွဲဆောင်သည့် ကနဦး အကြောင်းရင်း များဖြစ်ကြသည်။
(ဥပမာ-နေပြည်တော်သည် အစိုးရဌာနများ ရုံးစိုက်ရာဖြစ်ခြင်းကြောင့် ဝန်ထမ်းများ မဖြစ်မနေသွားနေရန် လိုအပ်ခြင်း) ယင်းအချက်များကြောင့် မဟုတ်လျှင် လူရှိ ပြီးသား၊ အသိုက်အမြုံတောင့်ပြီးသား နေရာတွင်သာ ဆက်လက် ဖွံ့ဖြိုးမည့် အလားအလာရှိသည်။ လူမှုအသိုင်းအဝိုင်း အခြေခံက မြို့ဝိညာဉ်ကို ပိုမိုသက်ဝင်စေသည်။
မြို့တည်ရာတွင် planning ဆိုသည့် စီမံခြင်း၊ မြို့ကွက်ချ ခြင်း၊ သတ်မှတ်ခြင်း၊ တွက်ချက်ခြင်း ကဏ္ဍများတင်မက ဒီဇိုင်းကဏ္ဍသည်လည်း အရေးကြီးပေသည်။ မော်ဒန်မြို့ကြီးများ အဖြစ် ငေးမောအားကျကြသည့် ခေတ်မီမြို့ကြီးများမှာ အများအားဖြင့် မြို့ကွက်စီစီညီညီထဲတွင် အထပ်မြင့် (တစ်ခါ တစ်ရံ လုံးရပ်ညီစွာ ဆင်တူတန်းစီနေသော)ကွန်ကရစ်တုံးများ ဟိုနေရာတစ်စ ဒီနေရာတစ်စ ရှိနေခြင်းဖြစ်သည်။ ရေမြေ တောတောင် သစ်ပင်ကင်းဝေးကာ မည်သည့်စရိုက်၊ မည်သည့် ကိုယ်ပိုင်လက္ခဏာကိုမျှ မဆောင်သော ကိုယ်ပိုင်ကား သွားလာရေး ဦးစားပေးသည့် ဝိညာဉ်မဲ့ကွန်ကရစ်တောများ တောထလာခြင်းကလည်း ခေတ်ပေါ်တည်ဆောက်မြို့တော်များ၏တစ်သမတ်တည်းပုံစံ ဖြစ်နေသည်။
နေထိုင်သူတို့ နေချင် စဖွယ်ဖြစ်ခြင်း၊ ဂုဏ်ယူဖွယ်ရာဖြစ်ခြင်း၊ တန်ဖိုးရှိစွာ အပန်းဖြေအချိန်ဖြုန်းနိုင်ခြင်းတို့သည်လည်း စိတ်ဓာတ်ခွန်အားအတွက် အရေးကြီးသည်။ ထို့ကြောင့် သမိုင်းဝင်မြို့ကြီးများသည် ယဉ်ကျေးမှုအမွေအနှစ်များအားဖြင့် ခေတ်အဆက်ဆက်တည် ကာ မီးခိုးမထုတ်သည့် စီးပွားကဏ္ဍခေါ်သည့်ခရီးသွားကဏ္ဍဖြင့် ပင် နိုင်ငံ့ဝင်ငွေကို များစွာတိုးတက်နေစေခြင်းဖြစ်သည်။ အီတလီ နိုင်ငံ ရောမမြို့သို့ နှစ်စဉ်အလည်လာသူ ၁၃ သန်းကျော်ရှိ သည်။
Credit: MOI Webportal Myanmar