ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့်နှစ်လမ်းသွားကားလမ်း တည်ဆောက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို
ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က အမှာစကာပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ထားဝယ် အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်အထိ ဖောက်လုပ်မည့်နှစ်လမ်း သွားကားလမ်း တည်ဆောက်ရေးသည် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအတွက် အကျိုးကျေးဇူးရှိမည် ဖြစ်သကဲ့သို့ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၊ ပင်မစီမံကိန်းများ ဖွံ့ဖြိုးလာ ရေးအတွက် အဓိကအရေးပါသော လုပ်ငန်းဖြစ်ကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများသည် နှစ်လမ်းသွား ကားလမ်းတည်ဆောက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပူးတွဲ Technical Taskforce ဖွဲ့စည်း သွားရန် သဘောတူခဲ့ပါကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ပြီးစီးပါက ဒေသဖွံ့ဖြိုး ရေးနှင့် နိုင်ငံတကာကုန်သွယ်ရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်စေရေး အထောက်အကူ ဖြစ်စေနိုင်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုကို များစွာအထောက်အကူဖြစ်စေမည့် စီးပွားရေးဇုန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ထားဝယ် အထူးစီးပွားရေးဇုန်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ အစည်း အဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ထားဝယ်အထူး စီးပွားရေးဇုန် နှစ်လမ်းသွားကားလမ်း တည်ဆောက်ရေးနှင့် ပတ်သက်၍ လည်းကောင်းဆွေးနွေးကြပြီး မြန်မာ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားသည်။
Credit: The Mirror Daily