အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်၏ အထင်ကရ အဆောက်အအုံကြီးတစ်ခုဖြစ်သော ဝေါ်ကီတော်ကီတာဝါကို စံချိန်တင်ဈေးနှုန်းဖြင့် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း အိုင်ယာလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဝေါ်ကီတော်ကီမိုးမျှော်တိုက်ကြီးကို ပေါင် ၁ ဒသမ ၃ ဘီလီယံ (ယူရို ၁ ဒသမ ၅ ဘီလီယံ) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ပြီး အဆိုပါဈေးနှုန်းမှာ ဗြိတိန်တွင် အဆောက်အအုံတစ်လုံးအတွက် အမြင့်မားဆုံးဈေးအဖြစ် စံချိန်တင်ခဲ့သည်။
တည်ရှိသည့်နေရာမှာ သိမ်းမြစ်၏ မြောက်ဘမ်ခြမ်း၊ လန်ဒန်တံတားအဆင်း၊ ဖန်းချပ်ခ်ျလမ်း ၊ အမှတ် ၂၀ တွင် ဖြစ်သည်။
ဝယ်ယူသွားသူမှာ ဟောင်ကောင်အခြေစိုက် အချဉ်ရည်နှင့် ဟင်းခတ်အမွှေးအကြိုင်များထုတ်လုပ်သည့် လီကွမ်ကီကုမ္ပဏီမှ ဖြစ်ပြီး အဆိုပါကုမ္ပဏီမှာ ခရုဆီဖြင့် နာမည်ကျော်သည်။
အဆိုပါအဆောက်အအုံ၏ ၅၀ ရာခိုင်နှုန်းကို လန်ဒန်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဖွဲ့ Landsec မှ ပိုင်ဆိုင်ထားပြီး ကျန် ၅၀ ရာခိုင်နှုန်းကို Canary Wharf Group မှ ပိုင်ဆိုင်ထားခြင်းဖြစ်ကာ ထိုအုပ်စုနှစ်ခုလုံးထံမှ ဝယ်ယူခြင်းဖြစ်သည်။
Landsec ၏ အမှုဆောင်အရာရှိချုပ် ရော့ဘ်နိုအယ်လ်က ပြောကြားရာတွင် မိမိတို့၏ ရှယ်ယာများကို ရောင်းချရန် မြင့်မားသောဈေးနှုန်းဖြင့် ကမ်းလှမ်းဆွဲဆောင်ခြင်းခံခဲ့ရကြောင်း ပြောကြားသည်။
“ကျွန်တော်တို့က ရှယ်ယာတွေကို ရောင်းချင်နေတဲ့အချိန်မျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ဘယ်ရှယ်ယာမှ မရောင်းဘဲ တစ်သက်လုံး သိမ်းထားရမယ့်ဟာမျိုး မရှိပါဘူး။ ဒါက ကျွန်တော်တို့ ရောင်းထုတ်ရမယ့်ဈေးနှုန်းပါ” ဟု ရော့ဘ်နိုအယ်လ်က ပြောကြားသည်။
“၂၀၁၀ မှာ ဒါကို ကျွန်တော်တို့စလုပ်ခဲ့တုန်းက ခင်ဗျားဘာတွေလျှောက်လုပ်နေတာလဲလို့ လူတွေက မေးခဲ့ကြတယ်။ အခုအဲဒါက စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု မစ္စတာနိုအယ်လ်က ဆက်လက်ပြောကြားသည်။
တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် ယခုနှစ်ပထမနှစ်ဝက်ကာလအတွင်း လန်ဒန်ရှိ ရုံးခန်းအဆောက်အအုံများကို ဝယ်ယူခဲ့ရာတွင် ပေါင် ၂ ဒသမ ၃ ဘီလီယံခန့်အထိ သုံးစွဲခဲ့ကြပြီးဖြစ်သည်။
လီကွမ်ကီကုမ္ပဏီသည် ၁၈၈၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဥက္ကဌ လီမန်တက်သည် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ကြွယ်ဝကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီးက ခန့်မှန်းထားသည်။
ဝေါ်ကီတော်ကီအဆောက်အအုံကို ဒီဇိုင်နာ ရာဖေးဗီနိုလီက ဒီဇိုင်းရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ရုံးခန်းကြမ်းခင်း ဧရိယာ ၆၇၁၀၀၀ စတုရန်းပေရှိသည်။
၃၄ ထပ်အဆောက်အအုံဖြစ်ပြီး လန်ဒန်မြို့ အာမခံလုပ်ငန်းများအခြေစိုက်ရာဒေသတွင် တည်ရှိသည်။
အဆောက်အအုံ၏ ဒီဇိုင်းနှင့်ပတ်သက်၍မူ ဝေဖန်မှုအများအပြားထွက်ပေါ်ခဲ့ပြီး အဆောက်အအုံတွင် တပ်ဆင်ထားသော မှန်ခွက်ပြတင်းများမှ ပြန်ထွက်သော အလင်းတန်းများသည် မှန်ဘီလူးကဲ့သို့ အလင်းစုစည်းကာ လမ်းသွားလမ်းလာများနှင့် ရပ်နားထားသော မော်တော်ကားများကို ထိခိုက်စေမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)