ကျောက်စရစ်ထုတ်လုပ်မှုတွေ ပိတ်ထားတဲ့ အတွက်ကြောင့် ရန်ကုန်အိမ်ဆောက်ပစ္စည်းဈေးကွက်မှာ အဝင်နည်းပြီး ကျောက်စရစ်တစ်ကျင်းကို ကျပ်ရှစ်သောင်းအထိ မြင့်တက်ခဲ့ပြီး ကျပ် တစ်သိန်းကျော်အထိ မြင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်က သိရပါတယ်။
ရန်ကုန်အိမ်ဆောက်ပစ္စည်းဈေးကွက်ကို မြန်အောင်နဲ့ အဖျောက်မြို့နယ်တွေက ကျောက်စရစ်တွေအဓိက ဝင်ရောက်နေတာဖြစ်ပြီး ခုလက်ရှိမှာ အဲသည် ဒေသတွေစည်းကမ်းတင်းကျပ်မှုတွေ ရှိလာခဲ့တဲ့အတွက် ဇူလိုင်လကုန်အထိ ဆက်ပြီး ပိတ်ထားနိုင်ခြေရှိနိုင်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်အထိ ရန်ကုန်ဈေးကွက်မှာ ကျောက်စရစ်တစ်ကျင်းကို ကျပ်ခုနှစ်သောင်းအထိရှိခဲ့ပြီး ယခုအခါ တစ်ကျင်းကို ရှစ်သောင်းအထိမြင့်တက်လာခဲ့ပါတယ်။ဈေးကွက်အတွင်း ကျောက်စရစ်ဝင်ရောက်မှု ဇူလိုင်လကုန်အထိ နည်းပါနိုင်ခြေရှိတဲ့အတွက် ကြောင့် ကျပ်တစ်သိန်းကျော်အထိမြင့်တက်နိုင်ခြေရှိလာနိုင်တယ်လို့ သိရပါတယ်။
‘ ကျောက်စရစ်စုပ်တဲ့ ဒေသတွေမှာ စုပ်ထုတ်တာကို ခုလကုန်အထိ ပိတ်ထားမယ်လို့ သိရတယ် ၊ အဲဒါကြောင့် ဈေးကတော့ အခုထက်ဆက်တက်လာနိုင်တယ် ၊ တစ်သိန်းကျော်လောက်အထိ ရှိနိုင်တယ်’ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။
အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်းမှာ ကျောက်စရစ်တစ်မျိုးတည်းသာ ဈေးနှုန်းသိသိသာသာ အပြောင်းအလဲရှိပြီး ကျန်ပစ္စည်းတွေကတော့ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပါတယ်။ဈေးကွက်မှာ လက်အုတ်တစ်လုံးကို ကျပ် ၉၀ ရှိပြီး စက်အုတ်(ရှစ်ပေါက်)တစ်လုံးကို ကျပ် ၁၁၀ ရှိကာ သဲဈေးနှုန်းကတော့ တစ်ကျင်းကို ကျပ် ၈၀၀၀ ပါ ။ ဘိလပ်မြေဈေးနှုန်းတွေကတော့ ဆင်တံဆိပ်(ယိုးဒယား) တစ်အိတ်ကို ကျပ် ၆၃၀၀ ၊ ဆင်တံဆိပ် (မြန်မာ) တစ်အိတ်ကို ကျပ် ၅၅၀၀ ၊ ကြံ့နှစ်ကောင်တံဆိပ်(အနီ) တစ်အိတ် ကိုကျပ် ၅၅၀၀ ၊ ကြံ့နှစ်ကောင်(အစိမ်း) တစ်အိတ်ကို ကျပ် ၅၂၀၀ နဲ့ Alpha တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ကျပ် ၅၇၀၀ ဈေးနှုန်းတွေ ရှိတယ်လို့ သိရပါတယ်။
Credit: The Modern