၂၀၅၀ ပြည့်နှစ်သို့ အရောက်တွင် လူပေါင်း ၆ ဒသမ ၅ သန်းနေထိုင်နိုင်မည့် မြို့သစ်ကြီးတစ်ခု ဆော်ဒီအာရေးဗီးယားတွင် ဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး နေအိမ်ခန်းပေါင်း ၉၉၅၀၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မြို့သစ်စီမံကိန်းကို ဘုရင် ဆယ်လ်မန်က အတည်ပြုထားခဲ့ပြီးဖြစ်ပြီး မြို့သစ်အမည်ကို အယ်လ် ဖိုင်ဆာလီယာဟု အမည်ပေးထားသည်။
မင်းသား ခါလစ် အယ်လ် ဖိုင်ဆယ် ဘင် အဗ္ဗဒူလာဇစ်က စီမံကိန်းနှင့်စပ်လျဉ်းသော အသေးစိတ်အချက်အလက်များကို မကြာသေးမီက ထုတ်ဖော်ကြေညာခဲ့သည်။
မင်းသားခါလစ်က ပြောကြားရာတွင် ယခုစီမံကိန်းသည် မက္ကာမြို့တော်ကို ချဲ့ထွင်ခြင်းဖြစ်ပြီး မက္ကာနှင့် ဂျေဒါတို့အပေါ်တွင် ဝန်ပိနေခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီ (SPA) က ဖော်ပြသည်။
မက္ကာမြို့တော်၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိကာ စတုရန်းကီလိုမီတာ ၂၄၅၀ ကျယ်ဝန်းသော မြေနေရာပေါ်တွင် ဆောက်လုပ်သွားမည် ဖြစ်သည်။
စီမံကိန်းတွင် မက္ကာဒေသအုပ်ချုပ်ရေးအဖွဲ့ရုံးအပြင် အစိုးရအဆောက်အအုံဝန်း ပါဝင်မည်ဖြစ်သည်။လူနေဒေသများ၊ ဈေးဝယ်စင်တာများနှင့် ဖျော်ဖြေရေးဆိုင်ရာ နေရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စက်မှုဆိုင်ရာ အဆောက်အအုံများ၊ အစည်းအဝေးခန်းမ၊ ကွန်ဖရင့်ခန်းမတို့အပြင် လေဆိပ်တစ်ခုနှင့် ပင်လယ်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည်ဟု ဆိုသည်။
မီးရထား၊ မြေအောက်ရထားနှင့် ဘတ်စ်ကားတို့အပါအဝင် ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်များ ပါဝင်မည် ဖြစ်သည်။
ယခုစီမံကိန်းဆောက်လုပ်မှုကို မက္ကာဒေသဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့က ကွပ်ကဲသွားမည် ဖြစ်သည်။
စီမံကိန်းနယ်ပယ်သည် အနောက်ဘက်တွင် ပင်လယ်နီကမ်းရိုးတန်းဒေသအထိ ပေါက်ရောက်မည်ဖြစ်ပြီး မြောက်ဘက်တွင်မူ မက္ကာ-ဂျေဒါ အဝေးပြေးလမ်းမကြီး တည်ရှိမည် ဖြစ်သည်။
စီမံကိန်းအတွက် လိုအပ်မည့် စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ရယူသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၉ ဒသမ ၅ ဂီဂါဝပ်အထိ ထုတ်လုပ်သွားရန် ရည်မှန်းထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)