တောင်ကိုရီးယားနိုင်ငံသား ရှင်ကြုပ်ဟိုပိုင်ဆိုင်သော Lotte ကုမ္ပဏီသည် ဗီယက်နမ်တွင် စမတ်မြို့တော်သစ်စီမံကိန်းကြီး ဆောက်လုပ်ရန်အတွက် ဟိုချီမင်းမြို့တော်ပြည်သူ့ကော်မတီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ မြို့တော်သစ်ကို Thu Thiem Eco Smart City ဟုအမည်ပေးထားပြီး ကြမ်းခင်းဧရိယာ ၇၄၄၂၀ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်သည်။
ယင်းစီမံကိန်းအတွက် ဗီယက်နမ်ဒေါင်ငွေ ၂၀ ဒသမ ၁ ထရီလီယံ (ကန်ဒေါ်လာ သန်း ၈၈၀ ဝန်းကျင်) ခန့် ကုန်ကျမည်ဖြစ်ပြီး စီမံကိန်းမြေနေရာအတွက် လျှော်ကြေးငွေများ ပါဝင်ပြီးဖြစ်သည်ဟု
ဆိုသည်။
သဘောတူလက်မှတ်ရေးထိုးပွဲသို့ ပြည်သူ့ကော်မတီ၏ ဥက္ကဌ ငုယင် သန်ဖောင်နှင့် Lotte ၏ ဥက္ကဌ ရှင်ဒေါင်ဘင်တို့ တက်ရောက်ခဲ့ကြသည်။
Lotte သည် ဗီယက်နမ်တွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ငုယင်သန်ဖောင်က ပြောကြားရာတွင် Lotte အုပ်စုအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့အတွက် ဟိုချီမင်းမြို့တော်တွင် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်မည့် အခြေအနေမျိုးဆက်လက်ဖန်တီးပေးသွားမည်ဟု ကတိပြုကြောင်း ပြောကြားခဲ့သည်။
Lotte သည် ယခုစီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်ပေါင်းအတန်ကြာရည်မှန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်
အတည်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။စီမံကိန်းဆောက်လုပ်မှုများကို
လာမည့် ၃ လပတ်ကာလအတွင်း စတင်ဖွယ်ရာရှိသည်။
ယခုစီမံကိန်းတွင် ဘဏ်များ၊ ဟိုတယ်များ၊ ရုံးခန်းတာဝါ၊ အသင့်နေနှင့် အခြားလူနေအဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။
ကုမ္ပဏီ၏ ဌာနခွဲများဖြစ်သော Lotte Asset Development, Lotte Shopping, Lotte Hotel နှင့် Lotte Engineering and Construction တို့သည် ယခုစီမံကိန်းကြီးတွင် ဝိုင်းဝန်းကူညီပါဝင်ကြမည် ဖြစ်သည်။
တောင်ကိုရီးယားသည် ဗီယက်နမ်တွင် အကြီးမားဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိသည်။
ဗီယက်နမ် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MPI) ၏ အချက်အလက်များအရ ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တောင်ကိုရီးယား၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ်လာ ၅၀ ဒသမ ၇ ဘီလီယံရှိပြီး ဂျပန်မှာ ၄၂ ဒသမ ၁ ဘီလီယံသာရှိကြောင်း
ဖော်ပြထားသည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်းတွင်လည်း တောင်ကိုရီးယား၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်အားကောင်းခဲ့ပြီး ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖိုးရှိခဲ့ပြီး ဂျပန်မှာ ကန်ဒေါ်လာ ၈၆၈ သန်းသာ ရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)