အမေရိကန်သရုပ်ဆောင် ကီဗင်ဆော်ဗိုသည် နယူးယောက်မြို့၊ လောင်းအိုင်းလန်းအရှေ့ဘက် ဟမ့်ပ်တန်အရပ်ရှိ နေအိမ်ကို ဈေးလျှော့ကာ အရောင်းဈေးကွက် ပြန်တင်လာကြောင်း ဒေးလီးမေးလ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကီဗင်ဆော်ဗိုသည် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ခဲ့သည့်အနက် ဟာကြူလီ ရုပ်သံဇာတ်လမ်းတွဲဖြင့် လူသိများသည်။
၅ ဧကကျယ်ဝန်းသော ယခုနေအိမ်ခြံဝန်းကို ၂၀၀၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၉၀၀၀၀၀ သာပေးခဲ့ရသည်။
အဆိုပါခြံဝန်းတွင် စတုရန်းပေ ၁၂၅၀၀ ကျယ်ဝန်းသော နေအိမ်ကြီးကို ၂၀၀၄ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ပြီးနောက် ကီဗင်နှင့် ဇနီးဖြစ်သူ ဆမ် ဂျန်ကင်စ်တို့သည် ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။
သို့ရာတွင် ရောင်းမထွက်ခဲ့ဘဲရှိခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။
ယင်းနောက်ပိုင်း အငှားချထားမှုသာ ပြုလုပ်ခဲ့ရာ ငှားရမ်းနေထိုင်သူများက တရားမဝင်ပါတီပွဲများ ပြုလုပ်မှုကြောင့် ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ကာ အရောင်းဈေးကွက်သို့ တင်သွင်းလာခဲ့ခြင်းလည်း ဖြစ်သည်။
နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး ခြံဘေးရှိ ၃ ဧကကျယ်ဝန်းသော ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသည်။
ခြံဝန်းတည်နေရာမှာ ဆက်ဂ်ျဟာဘာနှင့် ဘရစ်ဂ်ျဟမ့်ပ်တန်ရွာများအကြားတွင် တည်ရှိသည်။
နေအိမ်အပေါ်ထပ်တွင် နားနေခန်း၊ ရုံးခန်း၊ အဝတ်အစားထားသိုခန်း ၂ ခု၊ ရေစိမ်ကန်ပါဝင်သည့် ရေချိုးခန်း၊ လှပသော လသာဆောင်များ ပါဝင်သည်။
မြေညီထပ်တွင်မူ ဧည့်ခန်း၊ အပန်းဖြေခန်း၊ ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ခန်း၊ အိပ်ခန်း ၂ ခန်းတို့ ပါဝင်သည်။
ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြစ်သည်။
ကီဗင်ဆော်ဗိုကို အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်တွင် မွေးဖွားသည်။
၁၉၉၇ တွင် လေဖြတ်ဝေဒနာခံစားခဲ့ရရာ ထိုအကြောင်းကို ၂၀၁၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် True Strength တွင် ရေးသားဖော်ပြခဲ့ပြီး ဇနီးဖြစ်သူ ဆမ်က မိမိပြန်လည်နာလန်ထူလာစေရန် ကူညီခဲ့ပုံများကို ဖော်ပြခဲ့သည်။
ဆော်ဗိုသည် ဆမ်နှင့် ဟာကြူလီကားရိုက်ကူးစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ဆမ်က ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ခြင်းဖြစ်သည်။
၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် လက်ထပ်ခဲ့ကြပြီး သားသမီး ၃ ဦးထွန်းကားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)