အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သမ္မတမဖြစ်မီ ၂၀၀၅ ခုနှစ်အတွင်း နယူးယောက်မြို့ မိုးမျှော်တိုက်များ၏ မြင်ကွင်းကို ရေးဆွဲထားသော ကောက်ကြောင်းပန်းချီကားသည် ယခုအခါ လေလံဈေးကွက်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဝါရှင်တန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပန်းချီကား၏ အလယ်ဗဟိုတွင် ထရမ့်တာဝါကို ဗဟိုပြုကာ အခြားအဆောက်အအုံများ ဝန်းရံထားသည့် နယူးယောက်မြို့၊ မန်ဟက်တန်၏ မြင်ကွင်းကို ရေးဆွဲထားသည်။
ထရမ့်တာဝါကို အခြားမိုးမျှော်တိုက်များနှင့် အမြင့်တူရေးဆွဲထားသော်လည်း အမှန်စင်စစ်တွင်မူ ထရမ့်တာဝါသည် နယူးယောက်မြို့တွင် ၆၄ ခုမြောက် အမြင့်မားဆုံးအဆောက်အအုံသာဖြစ်လေသည်။
ကောက်ကြောင်း ပန်းချီကားအောက်ခြေတွင် ရွှေရောင်မင်ဖြင့် ထရမ့်၏လက်မှတ်ကိုလည်း တွေ့ရပြီး အလျား ၁၁ လက်မခွဲနှင့် အနံ ၉ လက်မ ရှိသည်။
ယင်းပန်းချီကားကို ပရိဟိတအသင်းသို့ ရန်ပုံငွေ ရှာဖွေနိုင်ရန်အတွက် ထရမ့်က လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ဂျိုး လေဘာမန်၊ ဘင်အက်ဖလက်၊ ချားလစ်ဇ်သီရွန်၊ ဂျိုးတိုရီနှင့် ဂျနီဖာ ဂါနာတို့သည်လည်း အဆိုပါအသင်းသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ဖူးသည်။
အဆိုပါပန်းချီကားကို Nate D. Sanders လေလံအဖွဲ့မှ လေလံတင်ရောင်းချမည်ဖြစ်ပြီး ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၉၀၀၀ ဖြစ်သည်ဟု ဆိုသည်။
(နောက်ဆုံးသတင်း- (28-july-2017, AM 9:29) အဆိုပါ ကောက်ကြောင်းပန်းချီကားကို လေလံတင်ရာတွင် လေလံယှဉ်ပြိုင်ဈေးပေးမှု ၁၁ ကြိမ်ရှိခဲ့ပြီး နောက်ဆုံးတွင် ကန်ဒေါ်လာ ၂၉၁၈၄ ဖြင့် ရောင်းချလိုက်ရသည်ဟု နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက် BuzzFeed တွင် ဖော်ပြသည်။)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)