ရတနာမြေငါးခုအတွင်း၌ ရှိသော ဇူလိုင်လကုန်တွင် သက်တမ်းကုန်မည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက် ၉၀၀ ကျော်ကို အစိုးရထံ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ သက်တမ်းကုန်မည့် လုပ်ကွက်များတွင် ကျောက်စိမ်းလုပ်ကွက် ၃၀ ကျော်သာ ပါဝင်ပြီး အခြားလုပ်ကွက်များမှာ ကျောက်မျက်လုပ်ကွက်များ ဖြစ်ကြောင်း၊ လုပ်ကွက်များ သက်တမ်းတိုးခြင်းကို ချက်ချင်းဆောင်ရွက်မည် မဟုတ်ဘဲ စိစစ်ပြီးမှသာ သက်တမ်းတိုးခွင့်ပေးမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“အရင်ကဆို သက်တမ်းကုန်ရင် အစိုးရကို ချက်ချင်းအပ်စရာ မလိုဘူး။ သက်တမ်းတိုး လျှောက်မယ်ဆို ပြန်ချပေးတယ်။ အခုတော့ အရင်ကလို မဟုတ်ဘူး။ သက်တမ်းကုန်ရင် အစိုးရဆီ အပ်ရတယ်။ သက်တမ်းတိုးမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ကို ရေးဆွဲပြီးမှ ထပ်တိုးဖို့ကို စဉ်းစားပေးတာ” ဟု ယင်းဝန်ကြီးဌာနမှ
အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။
ခေတ်အဆက်ဆက် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းအများစုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အားနည်းသည့်
အတွက် ယင်းကဲ့သို့ သက်တမ်းတိုးရန် ကြန့်ကြာခြင်း ဖြစ်ကြောင်း၊ ကျောက်စိမ်းတူးဖော်သူ အချို့မှာ တွင်းများမှ
အလွန်အမင်း တူးဖော်နေသည့်အတွက် ကျောက်စိမ်းများမှာ ရောင်းမကုန်နိုင်အောင် ရှိနေခြင်းကြောင့် ဝန်ကြီးဌာနအနေနှင့်
တူးဖော်မှုများကို အကန့်အသတ်ဖြင့် လုပ်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက မှတ်ချက်ပြု ပြောကြားသည်။
ကျောက်စိမ်းအများဆုံးထွက်သည့် ကချင်ပြည်နယ်ရှိ ဖားကန့်၊
လုံးခင်း ဒေသတို့တွင် ကျောက်စိမ်းလုပ်ကွက် ၇၄၀၀ ကျော် ရှိပြီး ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီ ၈၀၀ ကျော် ရှိကြောင်း၊
လတ်တလော သက်တမ်းကုန်ဆုံးသည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်သည် လေးထောင်နီးပါးရှိပြီ ဖြစ်ကြောင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
Credit: The Voice