ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို အမှန်တကယ် နေထိုင်ကြောင်း သက်သေခံ စမတ်ကတ် ထုတ်ပေးထားပြီး ရရှိထားသူ အိမ်ထောင်စုများကို ထပ်မံ၍ ယာယီ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် ထုတ်ပေးနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
စမတ်ကတ် ကိုင်ဆောင်ထားသော အိမ်ထောင်စုများကို ယင်းသို့ ဆောင်ရွက်ပေးခြင်းမှာ ရန်ကုန်တိုင်း သုတေသန စီမံကိန်းအရ လုပ်ဆောင်ခြင်းဖြစ်ပြီး အမှန်တကယ် ကျူးကျော်များ ဟုတ်၊ မဟုတ် ပြန်လည် စိစစ်ခြင်းပင်ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ဝင် ဦးတင့်လွင်က ပြောကြားသည်။
“မူလနေထိုင်ခဲ့တဲ့နေရာကို ပြန်လည်စိစစ်တာ။ တချို့က မှတ်ပုံတင် မရှိလို့ ပါလို့ပြောပြီး နောက်တစ်မြို့နယ်မှာလည်း စာရင်း ပေးထားတာတွေ ရှိနေမှာစိုးလို့ စိစစ်တာ”ဟု ၎င်းက ဆိုသည်။
ဇူလိုင်လ ၂၄ ရက်က ရွှေပေါက်ကံ မြို့သစ်တွင် စမတ်ကတ် ထုတ်ပေးထားသူများကို ယာယီ သန်းခေါင်စာရင်း ထုတ်ပေးရန်၊ မှတ်ပုံတင် ပြုလုပ်ပေးရန် စာရင်းများ ကောက်ခံကြောင်း စမတ်ကတ် ကိုင်ဆောင်ထားသည့် ဒေသခံများထံမှ သိရသည်။
“ဧည့်စာရင်း တိုင်ထားတဲ့ စာအုပ် မိတ္တူ ပေးရတယ်။ စမတ်ကတ်ကိုလည်း မိတ္တူ ကူးပေးရတယ်။ ကျန်တာ မတောင်းဘူး။ ဧည့်စာရင်းမှာ ပါတဲ့မိသားစုဝင်အတိုင်း စာရင်းယူသွားတယ်”ဟု ရွှေ ပေါက်ကံမြို့သစ်နေသူ တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းအတွင်း စမတ်ကတ် ထုတ်ပေးထားသူများကို ပြန်လည်စိစစ်ရန် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ညွှန်ကြားချက် ထုတ်ထားခြင်းဖြစ်ပြီး ကျူးကျော်စာရင်း ကောက်ယူခြင်း၊ စမတ်ကတ် ထုတ်ပေးခြင်း စသည့်လုပ်ငန်းစဉ် အဆင့်ဆင့် ချမှတ် ဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိ ပြန်လည် စိစစ်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။
လက်ရှိ ရန်ကုန်တိုင်းရှိ မြို့နယ် ၂၃ မြို့နယ်ကို ကျူးကျော်စာရင်း ကောက်ယူကာ စမတ်ကတ် ထုတ်ပေးထားပြီး ဖြစ်ပြီး ကျူးကျော်နေထိုင်သူ ဦးရေ လေးသိန်းကျော်၊ စမတ်ကတ် ထုတ်ပေးထားသည့် အိမ်ထောင်စု ရှစ်သောင်းကျော်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
Credit: The Voice