၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဖြေလျှော့ပေးမှုတွေကြောင့် အိမ်ခြံမြေဈေးကွက်ပွင့်လင်းရာသီမှာ ကောင်းမွန်းလာနိုင်မယ်လို့ အကျိုးဆောင်တွေက မျှော်လင့်နေကြပါတယ်။
အစိုးရရဲ့အိမ်ခြံမြေတံဆိပ်ခေါင်းခွန်ဖြေလျော့ပေးတာတွေ ၊ ရာဖြတ်နှုန်းထားတွေ ဖြေလျှော့ပေးတာတွေ ၊ ပြည်တွင်း အခွန်သီးစီးဌာန (ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့)က တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်တွေကြောင့် အိမ်ခြံမြေဈေးကွက် ကောင်းမွန်လာနိုင်ပါတယ်။ ဒါ့အပြင် အိမ်ခြံမြေဝယ်ယူတဲ့အခါ ပေးဆောငိရမယ့် ဝင်ငွေခွန်နှုန်ထားတွေ ဖြေလျှော့ ပေးဖို့ စီစဉ်ဆောင်ရွက်နေတာကြောင့် လည်း ဈေးကွက်က အကောင်းဘက်ကို ဦးတည်လာပါတယ်။
‘ အစိုးရက ဒီလို အခွန်တွေကို ဖြေလျှော့ပေးတာကြောင့် အိမ်ခြံမြေဈေးကွက်ဟာ ပွင့်လင်းရာသီမှာ ကောင်းမွန်လာနိုင်ပါတယ်၊ အိမ်ခြံမြေဝယ်ယူတဲ့အခါ ပေးဆောင်ရမယ့် ဝင်ငွေခွန်နှုန်းတွေကို ပြန်ပြီးတော့အမြန်ဆုံး ဖြေလျှော့ပေးမယ်ဆိုရင် ဈေးကွက်ကပိုပြီး ကောင်းမွန်လာနိုင်လာပါတယ် ၊
ဝင်ငွေခွန်နှုန်းထားတွေအရမ်းမြင့်နေတဲ့အတွက် အခွန်မဆောင်နိုင်လို့ မဝယ်ဖြစ်တဲ့သူတွေ ၊ ရင်းနှီးမြှုပ်နှံဖို့ စောင့်ဆိုင်းနေတဲ့သူတွေ များပါတယ် ၊ လက်ရှိအခွန်နှုန်းတွေကို ဒီထက်ပိုပြီး လျှော့ချပေးမယ်ဆိုရင် လာမယ့် ရာသီမှာ ဈေးကွက်က ဦးမော့လာမှာ သေချာပါတယ် ‘ လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
အခွန်လျှော့ပေး
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွက် ပြည်တွင်းအခွန်ဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မရွှေ့မပြောင်းနိုင်တဲ့ အိမ်ခြံမြေတွေကို ရောင်းဝယ်တဲ့အခါ အခွန်စည်းကြပ်နိုင်ဖို့ အခွန်စည်းကြပ်နှုန်းတွေအတွက် မြေကွက်စံနှုန်းတွေကို ထုတ်ပြန်ကြေညာခဲ့တဲ့အခါ အရင်နှစ်ကထက် လျှော့ချသတ်မှတ်ခဲ့ပါတယ်။
‘ လက်ရှိ အိမ်ခြံမြေစံနှုန်းကို လျှော့ချသတ်မှတ်ထားပေမဲ့ မဖြစ်မနေဝယ်ယူကြတဲ့သူတွေပဲ ဝယ်ယူကြပါတယ်၊ ကာလပေါက်ဈေးထက် လျှော့ပြီး ရောင်းတာထက် အရောင်းအဝယ်မဖြစ်တာတွေ ရှိပါတယ် ၊ အထူးသဖြင့် ဝင်ငွေနှုန်းထား တွေကိုဖြေလျှော့ပေးစေချင်ပါတယ် ၊ ဒါမှလဲ ဝယ်ယူတဲ့သူတွေ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှာပါ ‘ လို့ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး တရုတ်စတော့ ဈေးကွက် ကျဆင်းတာတွေ ၊ တရုတ်လုပ်ငန်းရှင်တွေ မြန်မာ့စီးပွားရေး ကဏ္ဍကို ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနည်းပါတာတွေ ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွေ စောင့်ကြည့်လာတာတွေကြောင့် မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် ဟာ တဖြည်းဖြည်းအေးစက်လာခဲ့ပါတယ်။လက်ရှိမှာ အစိုးရအနေနဲ့ အခွန်ဖြေလျှော့ပေးတာတွေရှိလာတာကြောင့် စောင့်ကြည့်ရမယ့် ဈေးကွက်ဖြစ်လာတယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုမြင့်တက်
မြန်မာ့အိမ်ခြံမြေဈေးကွက်ဟာ ကျဆင်းနေပေမဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတကာက မြန်မာအိမ်ခြံမြေဈေးကွက်အတွင်းကို ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုမှု မြင့်တက်နေပြီး စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၃.၄ ဘီလျံလောက် ရင်းနှီးမြှုပ်နှံထားပါတယ်။
‘ အခုဘဏ္ဍာနှစ်မှာဆိုရင် စင်ကာပူနိုင်ငံနဲ့ အပြိုင် ဥရောပနိုင်ငံတွေက ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ တာစူနေတယ် ၊ ဒီနှစ်မှာ အိမ်ခြံမြေဈေးကွက် ကျဆင်းနေပေမဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက မြင့်တက်ပါတယ် ၊ အဆောက်အအုံစီမံကိန်းတွေ ဝင်ရောက်ငှါးရမ်း ၊ ဝယ်ယူတာတွေလုပ်လာတယ် ၊ အဆင့်မြင့်အိမ်ရာဈေးကွက် ၊
ရုံးခန်း အရောင်းအဝယ်မြင့်တက်လာနိုင်ပါတယ် ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မယ့် အိမ်ခြံမြေရောင်းဝယ်ငှါး တိုးလာနိုင်ပါတယ် ‘ လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေမှူး
ဦးအောင်နိုင်ဦးက ပြောပါတယ်။
မြန်မာ့အိမ်ခြံမြေစီးပွားရေး အားကောင်းလာတာနဲ့ အိမ်ခြံမြေကဏ္ဍတစ်ရပ်ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အခြားစီးပွားရေလုပ်ငန်း ဦးမော့လာမှာဖြစ်ပါတယ်။ ဒါကြောင့်
အစိုးရအနေနဲ့ နှေးကွေးတဲ့ အိမ်ခြံမြေစီးပွားရေးဈေးကွက် မြင့်မားလာစေဖို့အတွက် ဖြေလျှော့ပေးမှုတွေကို
လုပ်ဆောင်နေတာကြောင့် ပွင့်လင်းရာသီအတွက် အိမ်ခြံမြေဈေးကွက်ဟာ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ် ။
Credit: The Modern