အော်စကာဆုရှင် ဟောလိဝုဒ်သရုပ်ဆောင် အင်မာစတုန်းသည် နယူးယောက်မြို့၊ အနောက် ၂၀ လမ်း၊ အမှတ် ၄၃၆ ရှိ ကွန်ဒိုခန်းကို ဒေါ်လာ ၃ သန်းနီးပါး ဈေးလျှော့ကာ အရောင်းဈေးကွက်သို့ ပြန်တင်လာကြောင်း နယူးယောက်မြို့၊ သတ္တမရိပ်သာလမ်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကွန်ဒိုခန်းတွင် အင်မာစတုန်းအပြင် အခြားကြယ်ပွင့်များဖြစ်သော အင်ဒရူး ဂါးရ်ဖီး၊ ဂျေဆင်စတာသမ်၊ ရိုစီ ဟန်တင်တန် ဝှိုက်တ်လေ၊ ဂလင်းကလို့စ်၊ ကုတ်နေးလာ့ဗ်၊ အိုလီဗီယာ ဆာကိုဇီတို့လည်း အခြေချနေထိုင်လျက်ရှိကြသည်။
အဆိုပါကွန်ဒိုမီနီယံ အဆောက်အအုံကို ဂရိ ရီဗိုက်ဘယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အင်မာစတုန်း၏ လူနေခန်းကို ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၂၁ သန်း၊ ၂၀၁၂ ခုနှစ်တွင် ၁၉ သန်း၊ ၂၀၁၅ ခုနှစ်တွင် ၂၂ ဒသမ ၅ သန်းတို့ဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးပြီး ယခု ၂၀၁၇ ခုနှစ်တွင် ၁၉ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်သို့ ပြန်လည်တင်သွင်းလာခြင်းလည်း ဖြစ်သည်။
စတုရန်းပေ ၁၀၀၀၀ ခန့် အကျယ်အဝန်းရှိသော အဆိုပါနေအိမ်ကို Chelsea Mansion ဟုလည်း ခေါ်ဝေါ်ကြပြီး ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းစစ်ကြိုခေတ်ဟန်များအတိုင်း အသေးစိတ်မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည့်အပြင် ခေတ်မီအဆင့်မြှင့်တင်မှုများလည်း ပြုလုပ်ခဲ့သည်။
အဆောက်အအုံတွင်းရှိ အခန်းတိုင်းတွင် အသံလုံခန်းများ၊ နောက်ဆုံးပေါ်နည်းပညာမြင့် အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းပေးထားသည်။
အခန်း ၂ ခန်းတွင် လသာဆောင်များပါဝင်ပြီး penthouse ခန်းတွင်မူ ကိုယ်ပိုင်ဓာတ်လှေကားနှင့် အမိုးပေါ်ဥယျာဉ်တို့ ထည့်သွင်းပေးထားသည်။
အင်မာစတုန်း၏ အမည်အပြည့်အစုံမှာ အင်မီလီ ဂျင်း အင်မာ စတုန်းဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် ဖွားမြင်သည်။
ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေးအမြင့်မားဆုံး သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ဖော့ဘ်မဂ္ဂဇင်းကြီး၏ အကျော်အမော် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် တိုင်းမဂ္ဂဇင်းကြီးက ရွေးချယ်သော တိုင်းမ် ၁၀၀ စာရင်းတွင် ပါဝင်လာသည်။
ဇာတ်ကားများစွာ သရုပ်ဆောင်ခဲ့သည့်အနက် ၂၀၁၆ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော La La Land ဇာတ်ကားဖြင့် အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုနှင့် BAFTA ဆုတို့ ရရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)