သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း စံပြဈေးအနီး တည်ဆောက်နေသည့် လူကူးခုံးကျော်တံတား ဩဂုတ်လအတွင်း အပြီးတည်ဆောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။
စံပြဈေးအနီး လူကူးခုံးကျော်တံတား တည်ဆောက်ရခြင်းမှာ ဈေးရှိသည့်အတွက် ပြည်သူများ ကားလမ်းကူးရာတွင် အခက်အခဲ မရှိစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ပြည်သူတွေအနေနဲ့ ယာဉ်အန္တရာယ် ကင်းဖို့ ခုံးကျော်တံတားပေါ်ကပဲ ဖြတ်သန်းစေချင်ပြီး ဖြတ်သန်းဖို့အတွက်လည်း ဆောင်ရွက်သွားမယ်။ ဖြစ်နိုင်ရင် ဘတ်ဂျက် ကြည့်ပြီးတော့ ခုံးကျော်တံတားအောက်မှာ တန်းတွေ ခံသွားမယ်”ဟု ဦးနေဘုန်းလတ်က ဆိုသည်။
စံပြဈေး လူကူးခုံးကျော် တံတားကို ဧပြီလ ၂၀ ရက်က စတင် ဆောက်လုပ်ကာ ကုန်ကျငွေ ဘတ်ဂျက်ကို ငွေကျပ် သန်း ၂၀ဝ သတ်မှတ်ထားပြီး တံတားကင်းလွတ် အမြင့် ၁၅ ပေ၊ အရှည် ၉၉ ပေ၊ လှေ ကားအကျယ် ခြောက်ပေခွဲနှင့် လူသွား လမ်းအကျယ်က ရှစ်ပေရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ယင်း လူကူးခုံးကျော်တံတားကို တည်ဆောက်ရန်အတွက် လျှောက်လွှာများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တင်ဒါ ခေါ်ယူခဲ့ပြီး မြသက်တင်ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခွင့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“စံပြဈေးက တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ မြို့တွင်းပြန်မယ့်သူတွေ၊ ကညနရုံးရော ဈေးရောရှိတဲ့အတွက် အရင်က ကားလမ်းကူးရာမှာ အခက်အခဲတွေ ရှိတယ်။ အခုလို လူကူးခုံးကျော်တံတား တည်ဆောက်လိုက်တဲ့အတွက် ကားလမ်းကူးရာမှာ အန္တရာယ်ကင်းကင်း ကူးနိုင်မှာပါ”ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် နေထိုင်သူ ဒေါ်ဥမ္မာက ဆိုသည်။
Credit: The Voice