တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းငယ်တစ်ခုပေါ်တွင် နည်းပညာမြင့် ရုပ်ရှင်ရုံတစ်ခုကို တရုတ်နိုင်ငံက ဆောက်လုပ်ခဲ့ကြောင်း၊ ယင်းသည် ဒေသတွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တိုက်တွန်းလုပ်ဆောင် နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း သိရသည်။
တရားဝင်သတင်းအေဂျင်စီ ဆင်ဟွာ၏ အဆိုအရ ပါရာဆဲကျွန်းစုရှိ တရုတ်တို့က ယောင်ရှင်းကျွန်းဟု ခေါ်သော Woody ကျွန်းတွင် 4K ပရိုဂျက်တာများနှင့် ထိုင်ခုံနှစ်ရာကျော်ရှိသော Sansha Yinlong ရုပ်ရှင်ရုံသည် တရုတ်နိုင်ငံ၏ တောင်ဘက်အကျဆုံး ရုပ်ရှင်ရုံဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဟိုင်နန်ပြည်နယ်မှ မိုင် ၂၀၀ ပတ်ဝန်းကျင်ခန့်တွင် တည်ရှိသော နယ်မြေသည် အကျယ် တစ်စတုရန်းမိုင်ရှိပြီး ၄င်းနေရာကို ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားသည်။
ဟိုင်နန် မီဒီယာဂရုမှ အထွေထွေမန်နေဂျာ ဂူရှောင်ကျင်းက "အဆိုပါ ရုပ်ရှင်ရုံသည် နေ့တိုင်း အနည်းဆုံးရုပ်ရှင်တစ်ကား ကိုပြသပြီးတော့ ယုံရှင်းကျွန်းပေါ်မှာရှိတဲ့ ဒေသခံတွေနဲ့ စစ်သားတွေက တစ်နိုင်ငံလုံးက ရုပ်ရှင်ဝါသနာအိုးတွေနဲ့အတူ ရုပ်ရှင်တွေကို ခံစားနိုင်ကြပြီဖြစ်ပါတယ်" ဟု ဆင်ဟွာ သတင်းဌာနကို ပြောကြားခဲ့သည်။
အဆိုပါကုမ္ပဏီက ကျွန်းပတ်လည်တွင် ရုပ်ရှင်ရုံများ ဖွင့်လှစ်ပြသနိုင်ရန်အတွင် ရွေ့လျား ပရိုဂျက်တာနှစ်ခုကို ဝယ်ယူထားကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင်မီဒီယာ၏ အဆိုအရ Woody ကျွန်းပေါ်တွင် လူ ၁၁၀၀ ခန့်နေထိုင်ကြောင်း သိရသည်။
Credit: Democracytoday