အင်္ဂလန်နိုင်ငံရှိ နာမည်ကျော်ပရီးမီးယားလိဂ် ကလပ်အသင်းကြီးဖြစ်သော အက်စတန်ဗီလာကွင်းတွင် နေအိမ်များကို ကြမ်းခင်းဈေး စတာလင် ၁ ပေါင်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်းသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လက်ရှိအားဖြင့် ဗြိတိန်၏ ပျှမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာစတာလင်ပေါင် ၂၃၂၅၃၀ ဖြစ်သည်။
လေလံတင်ရောင်းချခဲ့သော နေအိမ်များမှာ ပြန်လည်မွမ်းမံမှုများစွာ ပြုလုပ်ရန်လိုအပ်သည့်အိမ်များဖြစ်သော်လည်း အလွန်ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း လေလံအဖွဲ့အကြီးအကဲ ဂါပရိ ဘက်စီကပြောကြားသည်။
လေလံတင်ရောင်းချခဲ့သည်များမှာ terraced နေအိမ်များမှသည် ရဲစခန်းအဆောက်အအုံ ၂ ခုအထိ ပါဝင်သည်။
မစ်ဒယ်ဘရော့ရှိ terraced နေအိမ် ၃ လုံးကို ကြမ်းခင်းဈေး ၁ ပေါင်ဖြင့်လေလံတင်ခဲ့ရာတွင် အမှန်တကယ် အရောင်းအဝယ်ဖြစ် သွားသည်မှာ နေအိမ်တစ်လုံးကို ပေါင် ၃၁၀၀၀ ဖြင့်ရောင်းချခဲ့ရပြီး အခြားနေအိမ် ၂ လုံးကိုမူ ပေါင် ၃၆၀၀၀ ဖြင့် လေလံအောင်သွားခဲ့သည်။
ရဲစခန်းဟောင်း ၂ ခုကိုမူ စုစုပေါင်းဈေးနှုန်း ပေါင် ၈၆၅၀၀၀ ဖြင့် လေလံဆွဲသွားခဲ့သည်။
ရှဲလ်ဒန်ရဲစခန်းဟောင်းကို ပေါင်၄၆၅၀၀၀ ဖြင့် လေလံအောင်ခဲ့ပြီး လောင်းဘရစ်ခ်ျရဲစခန်းဟောင်းမှာမူ ပေါင် ၄၀၀၀၀ ရရှိခဲ့သည်။
ဘာမင်ဂမ်ရှိနေအိမ်တစ်လုံးမှာ ပေါင် ၂၅၈၀၀၀ ဖြင့်ရောင်းချခဲ့ရပြီး ဘရွမ်းစ်ဂရို့ဗ်ရှိနေအိမ်တစ်လုံးမှာ ပေါင် ၂၀၄၀၀၀၊ ဘာမင်ဂမ်ရှိ အခြားနေအိမ်တစ်လုံးမှာ ပေါင် ၁၀၀၀၀၀ တို့ဖြင့် ရောင်းချခဲ့ရသည်။
ထို့အပြင် ဘာမင်ဂမ်တွင်ပင်ရှိသော ဟန်းစ်ဝါ့သ်ဝုဒ်လမ်း အမှတ် ၄၆-၄၈ ရှိနေအိမ်ကို ပေါင် ၄၀၀၀၀၊ ဝီလန်ဟောလ်ရှိ အိပ်ခန်း ၃ ခန်းပါ နေအိမ်ကို ပေါင် ၈၁၀၀၀ ၊ ဘာမင်ဂမ်မြို့ ဟာရိုးလမ်း ၊ အမှတ် ၆၉ နေအိမ်ကို ပေါင် ၄၀၅၀၀၀ တို့ဖြင့် ရောင်းချခဲ့သည်။
“ဒီပွဲကို တက်ရောက်လာတဲ့သူ အလွန်များခဲ့ရုံသာမကဘဲ တယ်လီဖုန်းကနေ၊ အင်တာနက်ကနေ လေလံဆွဲတဲ့သူတွေ စံချိန်တင် များပြားခဲ့ပါတယ်” ဟု ဂါပရိ ဘက်စီက ပြောကြားသည်။
လာမည့် စက်တင်ဘာလ ၆ ရက်တွင်လည်း ထပ်မံ၍ လေလံပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)